ဟားခါး မေ ၄
၂၀၂၀ပြည့်နှစ် မေလ(၅)ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ချင်းပြည်နယ် မီးသတ်ဦးစီးဌာန၊ခေတ္တပြည်နယ်မှူး ဦးကျော်ကျော် ဦးဆောင်လျက်ဟားခါးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွေး၊ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၄ရက် နေ့လည် ၁၂နာရီခွဲအချိန်က ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံကြီး အတွက် လိုအပ်လျက်ရှိသော သွေးလှူခြင်းနှင့် COVID-19ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထွေးနှင့်မီးသတ်တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်းကြရာ ဟားခါးမြို့ဆေးရုံးကြီးမှ သမားတော်ကြီး ဒေါက်တာနှင့်ဆရာ၊ဆရာမများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ကူညီဆောင်ရွက် ပေးခဲ့ကြပါသည်။
ထို့နောက်မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးကုသဆောင်များ၊ ဝန်ထမ်းနားနေဆောင်များနှင့် ဆေးရုံပြင်ပ ကားပါကင်၊ဆိုင်ကယ်ပါကင်ထားရှိရာနေရာများနှင့် ဆေးရုံ အဝင်ဝလမ်းတစ်လျှောက်တို့အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။