ဟားခါး မေ ၅
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့်ဆမီးမြို့များရှိတိုက်ပွဲရှောင်ပြည်သူများအားစားနပ်ရိက္ခာများဝယ်ယူနိုင်ရန်အတွက်ငွေကျပ်သိန်း(၁၂၇၉.၃၇၁)တတိယအကြိမ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မေလ ၅ရက်နေ့ညနေ ၂နာရီခွဲအချိန်ဟားခါးမြို့၊ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထပ်မံပေးအပ်သည့်ထောက်ပံ့ငွေများအားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများပေးအပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလက်ခံခဲ့ကြ ကြောင်းသိရှိရသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာဝယ်ယူရန်အတွက် ပထမအကြိမ် (၁၃.၃.၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၆၉.၀၂)၊ ဒုတိယအကြိမ် (၂၆.၃.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ငွေကျပ်သိန်း (၅၃.၉၉၇) ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည် သူများအား စားနပ်ရိက္ခာ ဝယ်ယူရန်အတွက် အာစောကုမ္ပဏီမှလည်း ကျပ်သိန်း (၂၀)ကို ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။ ချင်းပြည်နယ်အတွင်း ရှိ ပလက်ဝမြို့နယ်နှင့်ဆမီးမြို့များရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် (၄.၅.၂၀၂၀) ရက်နေ့အထိတိုက်ပွဲရှောင် နေရပ်စွန့်ခွာ အိမ်ထောင်စု (၁၇၅၀) စုနှင့် လူဦးရေ (၇၇၀၄) ဦးရှိကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သိရှိရပြီးတိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေး၊ လူမှုစီးပွားဘဝစောင့်ရှောက်မှု ပေးနိုင်ရေး အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။