ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါတားဆီးရေးကော်မတီမှ ရိခေါ်ဒါရ်မြို့ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

ရိခေါ်ဒါရ်          မေ    ၇

 

          ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ဥက္ကဌ၊ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ် ဦးဆောင်မှုဖြင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတလွန်းကျုံးလျန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်တို့ ပါဝင်သော မြို့နယ်ကော်မတီအဖွဲ့သည် မေ ၆ ရက်က ရိခေါ်ဒါရ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများ စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ အဖွဲ့သည် မြို့အဆင့်ကော်မတီအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်ပြည်သူများနှင့် ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ ဥက္ကဌ၊ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ မြို့အဆင့် ကော်မတီအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်ပြည်သူများ လက်တွဲ ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ဒေသအတွင်း အသိပေးနှိုးဆော်ချက်များ ရပ်ကွက်ပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် လှည့်လည်အသိပညာပေးရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်နှင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတလွန်းကျုံးထန်တို့က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုဆိုင်ရာနှင့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးကြပြီး ရိခေါ်ဒါရ်မြို့ကော်မတီ ဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ရိခေါ်ဒါရ်မြို့၌ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်ကော်မတီဥက္ကဌ ဦးကြားအွယ်က ရိခေါ်ဒါရ်မြို့ Community Based Facility Quarantine Centre များတွင် အသုံးပြုရန် ဆန်အိတ်၊ ပဲအိတ်၊ ကြက်သွန်နီ၊ အိပ်ယာအသုံးအဆောင်များကို လည်းကောင်း၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတလွန်းကျုံးထန်းက ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်  နှာခေါင်းစည်း၊ Thermometre၊ ခြင်ထောင်၊ လက်ဆေးရည်များနှင့် ပိုးသတ်ဆေး များကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက Surgery Mask များနှင့် အလှူငွေကျပ် ငါးသိန်းတို့ကိုလည်းကောင်း အသီးသီးထောက်ပံ့လှူဒါန်းပေးသည်။

ထို့နောက် မြို့နယ်ကော်မတီဥက္ကဌနှင့်အဖွဲ့သည် ရိခေါ်ဒါရ်မြို့ အဝင်အထွက် ငါးနေရာ၌ လူဝင်ထွက်သွားလာမှု စောင့်ကြည့်စစ်ဆေးဆောင်ရွက်မှုများ၊ အထက၊ အထကခွဲနှင့် တိုက်နယ်ဆေးရုံ များတွင် Community Based Facility Quaramtine Centre ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်လူငယ်များပူးပေါင်းပြီး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့အဝင်အထွက် ငါးနေရာများ၌ လူဝင်ထွက်သွားလာမှု စောင့်ကြည့်ပြီး ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ Community Based Facility Quaramtine Centre ၌ လူအယောက် ၃၅ ဦးထားရှိနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ ခြင်း၊ ရပ်ကွက်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ဆန်နှင့်အခြားစားသောက်ကုန် များ ကြိုတင်သိုလှောင်စုဆောင်းခြင်း၊ ကုန်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက် ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များ အသိပညာပေးလှည့်လည်ဆော်သြခြင်းနှင့် ညမထွက်ရ အမိန့်လိုက်နာမှု ရှိ/မရှိ လှည့်လည်စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

စာစုများ -