ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထန်တလန်မြို့နယ်လှမ်းဖေးကျေးရွာက ပြည်တွင်းပြည်ပအလှူရှင်များက အလှူငွေ ၂၅ သိန်းပေးအပ်လှူဒါန်း

ဟားခါး               မေ   ၇

 

        ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူများအား လူသားချင်းစာနာသော အားဖြင့် ထန်တလန်မြို့နယ် လှမ်းဖေးကျေးရွာက ပြည်တွင်းပြည်ပအလှူရှင်များက အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ရုံးခန်း၌  ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့်အတူ ပြည်နယ် ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားတွင် ထန်တလန်မြို့နယ် လှမ်းဖေးကျေးရွာနေ ပြည်တွင်းပြည်ပစေတနာရှင်များက ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေကျပ် (၂၅)သိန်းကို အလှူရှင် များက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

          ထန်တလန်မြို့နယ် လှမ်းဖေးကျေးရွာနေ ပြည်သူများသည် ၁၉၉၅ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံက နာဂသူပုန်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် တစ်ရွာလုံး ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ရွာမှာလည်း ဘုရားကျောင်း တစ်ကျောင်းသာကျန်ရှိတော့ကြောင်း၊ နီးစပ်ရာ ထန်တလန်မြို့ ၊ဟားခါးမြို့တို့သို့ သာမက နိုင်ငံရပ်ခြားအထိ သွားရောက်ခဲ့ကြကြောင်း၊ ယခုတစ်ဖန် အဆိုပါကျေးရွာအနီးတွင် အိမ်ခြေ(၆၀)၊လူဦးရေ (၃၀၀)ခန့်ဖြင့်  ရွာသစ်တည်ထောင်ကာ ပြန်လည်နေထိုင်ကြပြီး ကျေးရွာရှိပြည်သူများနှင့် ပြည်ပနေပြည်သူများက လူသားချင်းစာနာ ထောက်ထားသောအားဖြင့် လာရောက်လှူဒါန်းခဲ့ကြကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်စည်ပင် သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က ပြောကြားခဲ့ပါသည်။

 

 

စာစုများ -