ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

        ချင်းပြည်နယ် COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် လုပ်ငန်းများ ပိုမိုထိရောက်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ မေလ ၁၈ရက် ညနေ ၄နာရီအချိန်က အဆိုပါကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  အဆိုပါ အစည်းအဝေးသို့ ချင်းပြည်နယ် COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဌ၊ပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ​ကော်မတီအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖွဲ့စည်းထားရှိသော လုပ်ငန်းကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်အနေဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းအားလုံး ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်ကို ဝမ်းမြောက်ပါကြောင်း၊ အလားတူ  COVID-19​ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အတွက် ဆက်စပ်လျက်ရှိသော လုပ်ငန်းများအား ယခင်ထက် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၈)ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီများ အနေဖြင့် မိမိလုပ်ငန်းအလိုက် အားသာချက်၊အားနည်းချက်များကို ဆွေးနွေးပေးစေလိုကြောင်းနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် COVID-19​ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အောင်မြင်သည်ထက် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်ပြီး ချင်းပြည်နယ် COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းထားရှိသည့် Community Based Facility Quarantine စိစစ်ကြီးကြပ်ရေးကော်မတီ ဉက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အတွင်း ပထမအဆင့် အနေဖြင့် ဆောင်ရွက်ထားရှိသည့် Quarantine Center နေရာများနှင့် လက်ရှိ Quarantine ထားရှိသူများ အခြေအနေ၊ လိုအပ်သော ကုတင်၊စောင်၊ခြင်ထောင်၊ခေါင်းအုံးများအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းသုံး ပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ လူငယ် Volunteer များအား ကူညီပံ့ပိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။  ထို့နောက် ချင်းပြည်နယ် COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကော်မတီအလိုက် တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ် ဝန်ကြီးချုပ်က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့၏ လမ်းညွှန်ချက် နှင့်အညီ ချင်းပြည်နယ်အတွင်း COVID-19​ ရောဂါထိန်းချုပ်ရေး၊ ကုသရေးများ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာပညာပေးလုပ်ငန်းများ၊ ရာသီတုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်၊ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကားပြောကြားသည်။ ချင်းပြည်နယ်အတွင်း မေလ ၁၈ရက် နေ့အထိ Quarantine ဝင်ရောက်ခဲ့သူဦးရေ ၁၅၅၆ ဦးရှိခဲ့ပြီး ပြန်လည်စေလွှတ်သူပေါင်း ၉၇၂ဦး ရှိကာ ကျန်ရှိသူ ၅၈၄ ဦးရှိကြောင်း၊ Facility Quarantine ထားရှိရန် ပထမအဆင့် အနေဖြင့် နေရာ ၅၀ တွင် ကုတင် ၁၈၄၁ ခု စီစဉ်ထားရှိကြောင်း သိရှိရသည်။

စာစုများ -