ဟားခါးမြို့တွင်Facility Quarantine ထားရှိသူ Case 150 နှင့် Facility Quarantine (၂၁)ရက်ပြည့်ပြီးသူ (၄၈)ဦးအား ပြန်လည်စေလွှတ်၊ မြို့နယ်မှ တာဝန်ရှိသူများက နေအိမ်အရောက် ပြန်လည်ပို့ဆောင်

         ဟားခါးမြို့နယ်၊သီဖူးလ်ကျေးရွာမှ covid-19 ရောဂါ Case 150 မှာ  ၂ ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ မေလ ၁၃ ရက်နေ့တွင် ဆင်းခွင့်ပြုခဲ့ပြီး ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် Facility Quarantine ဆက်လက်ထားရှိရာ ယခုအခါ အဆိုပါ Case 150 နှင့် ဟားခါးမြို့ ဟားခါးကောလိပ်တွင် Facility Quarantine  ထားရှိသူ ၄၈ ဦးအပါအဝင် စုစုပေါင်း (၄၉)ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ စစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရှိရတော့ခြင်း၊ Facility Quarantine ၂၁ ရက်ပြည့်ပြီဖြစ်ခြင်း တို့ကြောင့် မေလ ၂၀ ရက်နံနက် ၁၀ နာရီအချိန်တွင် ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။  Case 150 ၏ ခရီးသွားရာဇဝင်အရ ၄င်းနှင့်ဆက်စပ်ထိတွေ့ခဲ့သူ စုစုပေါင်း ၅၁ ဦးကို ဟားခါးမြို့ တွင် Facility Quarantine  ထားရှိခဲ့ရာ ၄င်းတို့အနက် ၄၈ ဦးမှာ ၂၁ ရက်ပြည့်ပြီး ကျန် ၃ ဦးမှာ ဓာတ်ခွဲ စစ်ဆေးဆဲဖြစ်ကြောင်း၊ ပြန်လည်စေလွှတ်သူများအားလုံးကို ၄င်းတို့၏ နေအိမ်သို့ အရောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြောင်း၊နေအိမ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း ဆက်လက်နေထိုင်ရန် လမ်းညွှန်မှာကြား ထားကြောင်း ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံမှ သိရှိရပါသည်။  Facility Quarantine  မှ ပြန်လည်စေလွှတ်သူများအား  ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်ဆေးရုံဆရာဝန်ကြီး ဒေါက်တာဇင်ကိုကိုအောင်နှင့် တာဝန်ရှိသူများက သွားရောက်၍ အားပေးစကား ပြောကြားခဲ့ကြပြီး ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးမှ တစ်ဦးချင်းစီအားကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာများ ပေးအပ်ခဲ့ကြပါသည်။   ဆက်လက်ပြီး ယနေ့ညနေ ၃နာရီအချိန်တွင် ဟားခါးမြို့ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း(ဟားခါး)တွင် Facility Quarantine  ဝင်ရောက်နေသူများအနက်မှ ၂၁ရက်ပြည့်ပြီးသူ ၃၀ ဦးအား ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများပေးအပ်ကာ နေအိမ်သို့ ပြန်လည်စေလွှတ် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံမှ သိရှိရပါသည်။

စာစုများ -