ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

          ချင်းပြည်နယ် ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်များကို မေလ ၁၅ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့အထိဟားခါးမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၁၃ရွာ တောင်သူဦးရေ ၃၃၈ဦးအတွက် ငွေကျပ်သိန်းပေါင်း တစ်ထောင်တစ်ရာကျော်ကို ထုတ်ပေးပြီးကြောင်း ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရပါသည်။   ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀၊ တောင်သူဦးရေ စုစုပေါင်း ၉၀၀ဦးကို ထုတ်ချေးရန် လျာထားငွေ ကျပ်သိန်းပေါင်း ၂၅၅၂သိန်းလျာထားကြောင်း၊ စပါးစိုက်တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အစေ့ထုတ်ပြောင်းစိုက် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။  “ဟားခါးမြို့နယ်အတွက် မေလ ၁၅ရက်နေ့က စပြီး ထုတ်ချေးတာ ယနေ့အထိ ကျေးရွာ ၁၃ရွာ၊ တောင်သူ ၃၃၈ဦးအတွက် ငွေကျပ် ၁၀၁၀၅၀၀၀ထုတ်ပေးပြီး ဖြစ်ပါတယ်။ ချေးငွေထုတ်ချေးရာမှာ ချင်းပြည်နယ် COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားမှုအတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိပါတယ်။ ဟားခါးမြို့ နယ်ထုတ်ပြီးလျှင် ပြည်နယ်အတွင်းရှိ အခြားသောမြို့နယ်များအတွက် ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ရှန်ဒွေးက ပြောပြခဲ့ပါတယ်။

စာစုများ -