ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ဟားခါးမြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

ဟားခါး                   မေ               ၂၅

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ဝန်ထမ်းများသည် မေလ ၂၃ရက်နေ့ နံနက် ၁၁နာရီအချိန်က ဟားခါးမြို့နယ်အတွင်း ပြည်ထောင်စုနှင့်ပြည်နယ် ခွင့်ပြုရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း(၇၇.၄၀၉)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟားခါး-မတူပီ လမ်းပိုင်း မိုင်တိုင်(၃၅/၀)မှ ဖိုင်ဖာ(က)အထိ အရှည် ၁၀မိုင် နေရာအတွင်း လမ်းတည်ဆောက်မှုနှင့် ရေနုတ်မြောင်းများ ဖောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်း အမျိုးအစားအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

          ဆက်လက်ပြီး ဟားခါးမြို့နယ် ဒင်လိုပါးကျေးရွာတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၈.၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက် ပြီးစီးမှု၊ ဟားခါး-မတူပီ ကားလမ်းရှိ လောက်လုံ ကျေးရွာတွင် ကားလမ်းမမှ အခြေခံပညာ အထက်တန်းကျောင်း အထိ ချင်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၂.၈၉၅)သန်းဖြင့် အရှည် ပေ ၁၁၅၀ ကျောက်ခင်းခြင်း လုပ်ငန်းတို့ကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

          နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးအနေဖြင့် ချင်းပြည်နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေ တို့ဖြင့်  ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစွာဆောင်ရွက်နိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများအား ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

 

စာစုများ -