ချင်းပြည်နယ် COVID-19​ ရောဂါ ကာလအတွင်း သယ်ယူပို့ဆောင်ရေး တာဝန်ထမ်းဆောင်ရင်း Facility Quarantine ဝင်ရောက်ခဲ့ကြသည့် မော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ထောက်ပံ့ငွေများပေးအပ်

 

ဟားခါး                        မေ                   ၂၅

            ချင်းပြည်နယ် COVID-19​ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း သယ်ယူပို့ဆောင်ရေး တာဝန်ထမ်းဆောင်ရင်း Facility Quarantine ဝင်ရောက်ခဲ့ကြသည့် မော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း(၈)ဦးအား ချင်းပြည်နယ် COVID-19​ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မေလ ၂၅ ရက်နေ့က တစ်ဦးလျှင်ငွေကျပ် ၁၀၅၀၀၀စီဖြင့် စုစုပေါင်း ငွေကျပ် ၈၄၀၀၀၀ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

            “ချင်းပြည်နယ်အတွင်းမှာ COVID-19​ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၈ခုကို ဖွဲ့စည်း ထားပါတယ်။ အဲ့ဒီကော်မတီ ၈ရပ်မှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ အနေနဲ့ နိုင်ငံရပ်ခြားက ပြန်လည်ဝင်ရောက်လာတဲ့ သူတွေကို မော်တော်ယာဉ်လိုင်းများ၊ ဂိတ်မှူးများနဲ့ ညှိနှိုင်းကာ နယ်စပ်ဂိတ်တွေကနေ သက်ဆိုင်ရာ မြို့နယ်တွေဆီ သယ်ယူပို့ဆောင်ရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ချင်းပြည်နယ်အတွင်း ထန်တလန်မြို့နယ်က COVID-19​ ရောဂါပိုး တွေ့ရှိသူ ၁ဦး၊ တီးတိန်မြို့နယ်က COVID-19​ ရောဂါပိုး တွေ့ရှိသူ ၂ဦးနဲ့ ၄င်းတို့နှင့်ဆက်စပ်သူ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၈ဦး Facility Quarantine ဝင်ရောက်ခဲ့ကြရပါတယ်။ Facility Quarantine ဝင်ရောက်နေချိန်မှာ သူတို့ရဲ့မိသားစု စားဝတ်နေရေး အထောက် အကူပြုစေရန်အတွက် ချင်းပြည်နယ် COVID-19​ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တစ်ဦးလျှင် ငွေကျပ် ၁၀၅၀၀၀ နှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၈၄၀၀၀၀ကို ဒီကနေ့ ထောက်ပံ့ပေးနိုင်ပါတယ်” ဟု သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့​ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က ပြောပြပါတယ်။

            Facility Quarantine ဝင်ရောက်နေသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ၂၁ရက်အတွက် တစ်ရက်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် တစ်ဦးလျှင်ငွေကျပ် ၁၀၅၀၀၀နှုန်း၊ စုစုပေါင်း ၈ဦးအတွက် ငွေကျပ် ၈၄၀၀၀၀ကို ထောက်ပံ့ပေးခဲ့ပြီး အဆိုပါ ၈ဦးမှာ ဟားခါးမြို့နယ်မှ ၄ဦး၊ ပခုက္ကူမြို့နယ်မှ ၃ဦးနှင့် ကလေးမြို့မှ ၁ဦးတို့ ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

စာစုများ -