ဟားခါးမြို့နယ်အတွင်း မြစိမ်းရောင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ငါးမွေးကန်များ အောင်မြင်ရေးကွင်းဆင်းဆောင်ရွက်

 

ဟားခါး                        မေ                   ၂၆

            ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ် ငါးသားဖောက် စခန်း ရမ်ထလိုမှ စခန်းတာဝန်ခံ ဦးစိုးပိုင်သူနှင့် ဝန်ထမ်းများသည် မေလ ၂၆ရက်နေ့ နံနက် ၁၀နာရီအချိန်က မြစိမ်းရောင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ ဦးထာကျဲ၏ ငါးမွေးမြူရေးကန်သို့ ရောက်ရှိပြီး မွေးမြူရေးငါးများ တိုးပွားအောင်မြင်မှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

            ပြည်နယ် ငါးသားဖောက်စခန်း(ရမ်ထလို)မှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများသည် ရှေးဦးစွာ ငါးမွေးမြူရေးကန်အတွင်း  မွေးမြူထားသော ရွှေဝါငါးကြင်းများမှ မျိုးငါးများကို ဖမ်းယူ၍ စိစစ်ရွေးချယ်ကာ လက်တွေ့သားဖောက်နည်းများ ပြသ၍ ငါးသားဖောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ငါးမှုံ၊ငါးသန် ပြုစုခြင်းနည်းပညာများကို ငါးမွေးတောင်သူများအား ပညာပေးဆောင်ရွက်ခဲ့ကြပါသည်။

            ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသအတွင်း ငါးစားသုံးမှုဖူလုံရေး အထောက်အကူပြုစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ၍  လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ပြီး ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသနှင့်ကိုက်ညီပြီး ကြီးထွားမှုနှုန်း ကောင်းသည့် ငါးမျိုးများ စိစစ်မွေးမြူနိုင်ရေး စိုက်ပျိုးရေးနှင့် တွဲဖက်၍ ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်မှု ရှိစေရေး ၊ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ကြိးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 

စာစုများ -