ရိခေါ်ဒါရ်မြို့အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်သွားလာလှုပ်ရှားသူများ စစ်ဆေးဆောင်ရွက်

 

ရိခေါ်ဒါရ်        မေ    ၂၇

 

          ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီနှင့် ရပ်ကွက်လူငယ်များ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် ရောဂါပျံ့နှံ့ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်ချက်ဖြင့် ရိခေါ်ဒါရ်မြို့ အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်သွားလာလှုပ်ရှားသူများ စစ်ဆေးခြင်း ကို မေ ၂၆ ရက် နံနက် ၈ နာရီတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့တွင်းလမ်းဆုံနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိပဲ အပြင်ထွက်သွားလာလှုပ်ရှားသူများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် လမ်းလျှောက်သွားလာ သူများအား နှာခေါင်းစည်းများကို ကျပ်တစ်ထောင်ဖြင့် ဝယ်ယူတပ်ဆင်စေပြီး ရောဂါပျံ့နှံ့မှု၊ ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် အိမ်အပြင်သို့ထွက်ခွာသွားလာလှုပ်ရှာနေချိန်များတွင် နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်သွားကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

          “ကျွန်တော်တို့မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးနဲ့ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက် များ အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေ ခြင်းစသည်ဖြင့် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်လူငယ်များနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အကြိမ်ကြိမ်နှိုးဆော် ပေးခဲ့ပါတယ်။ ရပ်ကွက်ပြည်သူအများစုက လိုက်နာကြပေမယ့် တစ်ချို့လူအနည်းစုက လိုက်နာမှု မရှိတဲ့အတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပဲ အပြင်သို့ သွားလာသူများကို ယခုလို စစ်ဆေးတာဖြစ်တယ်။ နှာခေါင်းစည်း မတပ်ထားသူများကို နှာခေါင်းစည်းတစ်ခုကို ငွေကျပ် တစ်ထောင်နဲ့ ဝယ်ယူတပ်ဆင်ခိုင်းပြီး နောက်များမှာလည်း အပြင်သို့ထွက်သွားတိုင်း နှာခေါင်း စည်းတပ်ကြရန် အသိပညာပေးခဲ့ပါတယ်။ နှာခေါင်းစည်းမှ ရငွေတွေကို ရပ်ကွက်လူငယ်အဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ ရန်ပုံငွေအဖြစ် အပ်နှံထားပါ တယ်။” ဟု ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်က ပြောသည်။

          အဆိုပါ နှာခေါင်းစည်းတပ်ခြင်းမရှသူများ စစ်ဆေးခြင်းကို အခါအားလျော်စွာ ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

 

 

စာစုများ -