ဟားခါးမြို့နယ် သီးမစ်လွင်ပြင်၌ ဇွန်လအတွင်း မိုးစပါးစိုက်ပျိုးခြင်းလုပ်ငန်းများ အပြီးဆောင်ရွက်သွားမည်

      ဟားခါးမြို့နယ်၏ ဒေသအတွင်း ဆန်စပါးစားသုံးမှုအပေါ် နှစ်စဉ်အထောက်အကူပြုပေးလျက် ရှိသည့် သီးမစ်ချိုင့်ဝှမ်းလွင်ပြင်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ဒေသခံတောင်သူများအနေဖြင့် ပျိုးကွက်များ စတင်ပျိုးထောင်နေပြီဖြစ်ပြီး ဇွန်လအတွင်း အပြီးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ “ဟားခါးခရိုင်အတွင်း ယခုနှစ်မှာ မိုးစပါးလျာထားဧက (၇၆၀၄)ဧကရှိပြီး ဟားခါးမြို့နယ် အတွင်းမှာတော့ (၃၇၅၀)ဧက စိုက်ပျိုးရန်လျာထားပါတယ်။ သီးမစ်လွင်ပြင်မှာရှိတဲ့ သီးမစ်(တောင်)၊ သီးမစ်(မြောက်)လယ်မြေတွေကတော့  ဇွန်လအကုန်မှာ အားလုံးစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ သီးမစ်က အခြားသော လှေကားထစ် တောင်ယာစပါးတွေလို မဟုတ်ဘဲ အနိမ့်ပိုင်းမှာ ရှိတော့ အပူချိန် ပိုရရှိလို့ အခြားနေရာတွေထက် ရက်အနည်းငယ် စောပြီး စိုက်ရပါတယ်” ဟု ဟားခါး ခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဦးဟုန်းကီးက ဇွန်လ ၁ရက်နေ့ကပြောပြပါတယ်။ ဟားခါးသီးမစ်လွင်ပြင်နှင့် အနီးတစ်ဝိုက်တွင် စပါးစိုက်ဧက ၁၄၀ခန့်ရှိပြီး ယခင်နှစ်က ရွှေရင်အေးစပါးမျိုးကို စိုက်ပျိုးခဲ့ရာ (၁)ဧကလျှင် စပါး(၉၀.၅)တင်းနှုန်းထွက်ရှိကြောင်း၊ သီးမစ်ရေ ရရှိမှုကြောင့် စပါးများ အောင်မြင်ဖြစ်ထွန်းကြောင်း သီးမစ်တောင်(ခ)ကွင်းအမှတ်(၅/၅)တွင် စိုက်ပျိုးသည့် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

စာစုများ -