ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟားခါးကောလိပ်၌ ချယ်ရီပင် ၂၀၀၀ စုပေါင်း စိုက်ပျိုး

        ၂၀၂၀ပြည့်နှစ်၊ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို မြို့နယ်သစ်တောဦးစီးဌာနနှင့်ဟားခါးကောလိပ် တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဟားခါးမြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၊ ဟားခါးကောလိပ် ပါမောက္ခချုပ် ဒေါက်တာ ဦးလျန်းဇာခုပ်နှင့်ဆရာ၊ဆရာမများ၊ ဟားခါးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ချယ်ရီပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရှိရသည်။  အစီအစဉ်အရ ဟားခါးမြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဟားခါးမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးတို့က ပျိုးပင်များကို ပေးအပ်ရာ ဟားခါးကောလိပ် ပါမောက္ခချုပ်ဒေါက်တာဦးလျန်းဇာခုပ်နှင့်ဟားခါးကောလိပ်ရုက္ခဗေဒဌာနမှူးဒေါက်တာဒေါ်ကြူကြူသင်း တို့က လက်ခံရယူခဲ့ကြပြီး သတ်မှတ်ထားသော နေရာအသီးသီးတွင် ချယ်ရီပင်(၂၀၀၀)ကို စုပေါင်း၍ တပျော်တပါး စိုက်ပျိုးခဲ့ကြပါသည်။  ဟားခါးမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀ပြည့်နှစ်၊မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ချယ်ရီ၊ မိုင်းဘော၊ ရေသင်းဝင်၊ တောင်ဇလပ် စသည့် ပျိုးပင်ပေါင်း (၄)သောင်းကျော်ကို ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပြီးဖြစ် ကြောင်း၊ ဆက်လက်၍ ဟားခါးမြို့ ဂေါက်ကွင်း၊ သတ်မှတ်နေရာများနှင့်မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီး  တစ်လျှောက်တို့တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပရေးအတွက် ချယ်ရီပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိုးရာသီကာလအတွင်း မိမိအိမ်ပတ်ဝန်းကျင်တို့တွင်  စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်များ အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

စာစုများ -