ပြည်နယ်အတွင်း သန့်ရှင်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု အကောင်းဆုံးကျောင်း ၂ကျောင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဆုချီးမြှင့်

       ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနက် Clean and Greenသန့်ရှင်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ကောင်းမွန်တဲ့အခြေခံပညာကျောင်းများကို စံပြရွေးချယ်ကာ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ ဇွန်လ ၅ရက် နံနက်၁၀နာရီအချိန်က ချင်းပြည်နယ် ဟားခါးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ဟောင်းရပ်ကွက်ရှိ ဖာရွန်းအ.မ.ကကျောင်းတို့ကို ၂၀၂၀ပြည့်နှစ် ပြည်နယ်အဆင့်ဆုချီးမြှင့်ခဲ့ပါသည်။ ရှေးဦးစွာ နံနက် ၁၀နာရီအချိန်မှာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ကျော်ညွှန့်က ပြည်နယ်အဆင့် ပထမဆုရ ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးမြင့်နိုင်ထွန်းက ဌာနမှ ချီးမြှင့်သည့် ဆုငွေကျပ် တစ်သိန်းခွဲကိုလည်းကောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဗျက်ကျုံးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဟားခါးမြို့၊မြို့ဟောင်းရပ်ကွက်ရှိ ဖာရွန်းအ.မ.ကကျောင်းအား ပြည်နယ်အဆင့် သန့်ရှင်းမှု အကောင်းဆုံးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ဒုတိယဆု ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုချီးမြှင့်ငွေ ကျပ်တစ်သိန်းကို ပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ပြီးနောက် ပြည်နယ်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိန်းရေးနေ့အထိမ်းအမှတ် တောင်ဇလပ်ပျိုးပင်များကို ကျောင်းဝန်းအတွင်း စိုက်ပျိုးပေးခဲ့ကြပါသည်။ ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများအား သန့်ရှင်းသပ်ရပ်မှု၊ ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးဆောင်ရွက်နိုင်မှု၊ စွန့်ပစ်ပစ္စည်းများမှ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်နိုင်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြော ဆွေးနွေးပွဲများ၊ လက်တွေ့ဆောင်ရွက်နိုင်မှုများစသည့် အချက်များအပေါ် အခြေခံကာရွေးချယ် ပေးခဲ့ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆုများရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စာစုများ -