ထန်တလန်မြို့နယ် မွှန်ဟားကျေးရွာ ဘွေနူးမြစ် ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန် တည်ဆောက်နေသည့် ကျောက်စီမြေထိန်းနံရံအား ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်းစစ်ဆေး

        

        ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ဇွန်လ ၆ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က ထန်တလန်မြို့နယ် မွှန်ဟားကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအနီး ဘွေနူးမြစ်ရေ တိုက်စားခြင်းမှ ကာကွယ်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ကျောက်စီမြေထိန်းနံရံလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေးအတွက် မြေသားများချဲ့ခြင်း၊ ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘွေနူးရေမြစ်တိုက်စားမှု အခြေအနေနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်မှု ခိုင်ခန့်အောင်ဆောင်ရွက်မည့်ခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက အချိန်မီ ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ ကျောက်စီမြေထိန်းနံရံမှာ အလျား ၅၀၀ပေ၊အကျယ် ၉ပေ၊ အမြင့် ၁၂ပေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၈၀ဖြင့် ရွှေသရဖူအောင်ညီအစ်ကိုများကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိပြီး ယနေ့ထိ လုပ်ငန်းပြီးစီးမှု ၂၅ရာခိုင်နှုန်းရှိကြောင်း၊ လုပ်ငန်းပြီးစီးပါက မွှန်ဟားကျေးရွာနေ ပြည်သူများ နှစ်စဉ်ကြုံတွေ့ရသည့် ရေတိုက်စားခြင်းအန္တရာယ်မှ ကာကွယ်နိုင်တော့မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်းသိရှိရသည်။

စာစုများ -