ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် သီကီးရ်ကျေးရွာသို့ ပြောင်းရွေ့ရောက်ရှိနေသည့်တိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်ပစ္စည်းများ ထောက်ပံ့

      ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့်ဆမီးမြို့နယ်တို့မှ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာသို့ ပြောင်းရွေ့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၃၃စုရှိ လူဦးရေ ၁၈၉ဦးအတွက် ၆လစာဆန်နှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သီကီးရ်ကျေးရွာ ဒေါ်ငွန်ပါရ် ယူပီစီဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ပြည်နယ်အားကစား နှင့်ကာယပညာ ဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ ထန်တလန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ သီကီးရ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလျန်ထန်းနှင့် တိုက်ပွဲရှောင်ပြောင်းရွေ့ရောက်ရှိနေသည့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က သီကီးရ်ကျေးရွာနေ ပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံမှု ရှိစေရေး ဆန်နှင့်ရိက္ခာများ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တောင်ယာလုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းဝတ်စုံများ ​ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အိမ်ထောင်စု ၃၃စု၊ လူဦးရေ ၁၈၉ဦး အတွက် ငွေကျပ် ၁၀၂သိန်းကျော်တန်ဖိုးရှိ ၆လစာ ဆန်ရိက္ခာကိုလည်းကောင်း၊ ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ကျောင်းသား၊ကျောင်းသူ ၅၂ဦးအတွက် ကျောင်းဝတ်စုံများကို လည်းကောင်း၊ ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တိုက်ပွဲရှောင်မိသားစုဝင်များက လက်ခံရယူ ကြပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရဿည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးသည် တက်ရောက်လာကြသည့် တိုက်ပွဲရှောင်မိသားစုဝင် များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားပြီးနောက် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးလုပ်ကိုင်နိုင်ရန် တောင်ယာလုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဓား၊ပုဆိန်နှင့် ပေါက်ပြားတို့ကို တစ်အိမ်စီအား အိမ်အရောက်လိုက်လံဖြန့်ဝေပေးခဲ့ပါသည်။ ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သီကီးရ်ကျေးရွာ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလမ်းတွင် မြေထိန်းနံရံဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးပြီးနောက် သီကီးရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၈၈.၃၅၇ဖြင့် အလျား ၁၄၀ပေ၊အနံ၃၀ပေရှိ RCC ၂ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးရာ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မာစီပါရ်ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း၊ အဆိုပါ ကျောင်းဆောင် ကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်၍ သြဂုတ်လအကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စာစုများ -