ချင်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၈ရက်နေ့မှ စ၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်

           ချင်းပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယာယီရပ်နားထားရာမှ ဇွန်လ ၈ရက်နေ့ တနင်္လာနေ့မှစ၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ (ကညနရုံး)မှ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးထံမှ သိရှိရပါသည်။ “COVID-19 ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်းမှာ ရောဂါပိုးကူးစက်မှုမဖြစ်ရအောင် ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တယာယီရပ်ထားခဲ့တာပါ။ ဇွန်လ ၈ရက်နေ့ကစပြီးတော့ ယာဉ်မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းတွေ၊  ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လူစုလူဝေးနှင့်ဆောင်ရွက်ရတဲ့ယာဉ်၊ လမ်းစည်းကမ်းအပါအဝင်၊ ယာဉ်မောင်းလိုင်စင်အသစ်ဆောင်ရွက်ခြင်းတွေကိုတော့ ဆက်လက်ရပ်နားထားအုံးမှာဖြစ်ပြီး ဆောင်ရွက်ခွင့်ပြုခဲ့ရင်လည်း ထပ်မံအသိပေးသွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောပြခဲ့ပါသည်။ “ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်များ သက်တမ်းတိုးရာမှာ ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရပ်နားခဲ့တဲ့ ၂၀၂၀ပြည့်နှစ် မတ်လ ၃၀ရက်နေ့မှ ဇွန်လ ၈ရက်နေ့အထိ ရက်ပေါင်း ၇၀အတွင်း သက်တမ်းလွန်ခဲ့တာတွေကို သက်တမ်းလွန်ဒဏ်ကြေးပေးဆောင်ရန်မလိုဘဲ စတင်ရပ်နားခဲ့တဲ့ မတ်လ ၃၀ရက်မတိုင်ခင် သက်တမ်းကုန်ခဲ့တာတွေကတော့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် သက်တမ်းကင်းလွတ်ကာလမှာ ၂၀၂၀ပြည့်နှစ် မတ်လ ၃၀ရက်နေ့ကုန်ဆုံးသူတွေကို ဇွန်လကုန်အထိလည်းကောင်း၊ ဧပြီလ ၃၀ရက်နေ့ကုန်ဆုံးသူတွေကို ဇူလိုင်လကုန်အထိလည်းကောင်း၊ မေလ ၃၁ရက်နေ့ကုန်ဆုံးသူတွေကို သြဂုတ်လကုန်အထိလည်းကောင်း၊ ဇွန်လ ၃၀ရက်နေ့ကုန်ဆုံးသူတွေကို စက်တင်ဘာလကုန် အထိလည်းကောင်း ဒဏ်ကြေးကင်းလွတ်ခွင့်ပြုကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စာစုများ -