မော်တော်ယာဉ်များ မောင်းနှင်နေစဉ် အနိမ့်မီးဖွင့်၍ မောင်းနှင်သွားလာရန် အပါအဝင် အသစ်ထုတ်ပြန်ထားသည့် ဥပဒေများအား အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

           ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ဆိုင်ကယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် အနိမ့်မီးဖွင့်၍ မောင်းနှင်ရန် အပါအဝင် လိုက်နာရမည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေအသစ်များကို ပြည်သူများ သိရှိလိုက်နာစေရန်အတွက် ဇွန်လ ၁၇ရက်နေ့က ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် အသိပညာပေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။  အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဆက်စပ်ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ယာဉ်မောင်းလိုင်စင်စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်စစ်ဆေးခြင်း၊ မော်တော်ယာဉ်နံပါတ်ပြားများစစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်၏ ရှေ့မီးကြီး ကောင်း၊မကောင်း စစ်ဆေးခြင်းများ ပြုလုပ်၍ အသစ်ထုတ်ပြန်ထားသည့် ဉပဒေများနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။  အဆိုပါ အသိပညာပေးလုပ်ငန်းများကို သတ်မှတ်ပညာပေးကာလအထိ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ အသိပညာပေးသွားမည်ဖြစ်ပြီး သတ်မှတ်ပညာပေးကာလပြီးဆုံးသည့်အချိန်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေများကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် မောင်းနှင်သွားလာသူများကို ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင်ထံမှ သိရှိရသည်။

စာစုများ -