ဟားခါးကောလိပ်၌ ဆောက်လုပ်လျက်ရှိသည့် ကျောင်းသား/ကျောင်းသူအိပ်ဆောင် RC နှစ်ထပ် ၆၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၊ စက်တင်ဘာလကုန်တွင် အပြီးဆောင်ရွက်မည်

                 ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍမြှင့်တင်နိုင်​ရေးအတွက် ဟားခါးမြိုရှိ ဟားခါးကောလိပ်အား နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အတူ ဟားခါးတက္ကသိုလ် စုပေါင်းဇုံနယ်မြေအဖြစ် လျာထားဆောင်ရွက်လျက်ရှိပါသည်။ ဟားခါးကောလိပ်အတွင်းဘွဲ့နှင်းသဘင်ခန်းမဆောင်အပါအဝင် စာသင်ဆောင်များ၊  ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များ၊ အားကစားခန်းမ၊ တက္ကသိုလ်စာကြည့်တိုက်နှင့် ဝန်ထမ်းများနေအိမ်တို့ကို ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ကဏ္ဍအလိုက်တိုးချဲ့ဆောက်လုပ်ခဲ့ရာ အဆိုပါအဆောက်အဦများအနက် ကျောင်းသား/ကျောင်းသူ ၁၆၀ ဦးနေနိုင်မည့် RC နှစ်ထပ်အိပ်ဆောင်တစ်လုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၉)မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့အထိ လုပ်ငန်းတစ်ခုလုံး၏ ၆၀ ရာခိုင်နှုန်းဆောင်ရွက်ပြီး၍ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဆောက်အဦအထူးအဖွဲ့(၉)မှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်ထံမှ သိရှိရပါသည်။  အဆိုပါကျောင်းသားကျောင်းသူ အိပ်ဆောင်ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေမှ ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်(၅၅၈.၀၀၀)သန်း၊ ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်တွင်ငွေကျပ် (၁၂၄၈.၃၉၈)သန်း၊ စီမံကိန်းတန်ဖိုး စုစုပေါင်းငွေကျပ် (၁၈၀၆.၃၉၈)သန်းဖြင့် ၂၀၁၈ခုနှစ် မေလက စတင်ဆောင်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆောက်အဦမှာ အလျား ၂၁၂ပေ၊ အနံ ၃၄ပေ RC နှစ်ထပ်အမျိုးအစားဖြစ်ပြီး စားဖိုဆောင်၊ ထမင်းစားဆောင်နှင့်ရေမီး အားလုံးပါဝင် တည်ဆောက်လျက်ရှိကြောင်းသိရသည်။  ဟားခါးတက္ကသိုလ်စုပေါင်းနယ်မြေဇုံ ဧရိယာအတွင်းရှိ ဟားခါးကောလိပ်၌ ဆောက်လုပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများမှာ COVID-19 ရောဂါကြောင့် လုပ်ငန်းများ ခေတ္တနားထားခဲ့ရသော်လည်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဖြေလျော့လာမှု၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုတို့နှင့်အတူ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စာစုများ -