ထန်တလန်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ

            ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်​တောင်သူများအတွက် ဟားခါးခရိုင်ဘဏ်ခွဲက ပူးတွဲတာဝန်ယူရသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဟားခါးခရိုင်ဘဏ်ခွဲအ​နေဖြင့် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးငွေများကို စပါးတစ်ဧကလျှင် ကျပ် (၁၅၀၀၀၀)နှင့် အခြားသီးနှံတစ်ဧကလျှင် ကျပ် (၁၀၀၀၀၀)နှုန်း၊​ ချေးယူ​ငွေ ငွေတစ်ရာကျပ်လျှင် တစ်နှစ်အတိုး (၅ ) ရာခိုင်နှုန်းဖြင့် မြို့နယ်ခန်းမ၌ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁၅ ရက်မှ စတင်၍ ထုတ်ပေးခဲ့ရာ ထန်တလန်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၂)အုပ်စုမှ တောင်သူဉီးရေ (၈၀၀)ကျော်အတွက် စပါး (၁၅၄၀)ဧကနှင့် ပြောင်း (၃၀၅)ဧကအတွက် ချေးငွေကျပ်သိန်း (၂၆၁၅.၀၀) ကိုထုတ်​ပေးရန် လျာထားကြောင်း၊ ​ချေး​ငွေများထုတ်​ချေး​ပေးရာတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေးကာလဖြစ်​သော​ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ တောင်သူလယ်သမားများ တစ်ဦးချင်းထံသို့ ထုတ်ချေးပေးလျက်ရှိပြီး ဇွန်လကုန်တွင် အပြီးထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဟားခါးခရိုင်ဘဏ်ခွဲ ခရိုင်မန်နေဂျာဒေါ်ရှန်ဒွေး၏ ပြောပြချက်အရသိရသည်။

စာစုများ -