ချင်းပြည်နယ် ဟားခါးမြို့တော် လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

            ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့၊မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် လွတ်လပ်ရေး ကျောက်တိုင်စိုက်ထူရန်အတွက် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်၉ နာရီအချိန်က အဆိုပါပန်းခြံ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးဒိတ်ထန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။  ရှေးဦးစွာ လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချအဖွင့်ဆုတောင်းကို သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းမှ ဆုတောင်းပေးပြီးနောက် အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ပြည်နယ်လွှတ်တော် ဒုတိယဉက္ကဌ ဦးဒိတ်ထန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် မြို့မိမြို့ဖ ဦးငွန်ဆန်းအောင်တို့က အုတ်မြတ်ချပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေး ခဲ့ကြသည်။ အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို ချင်းပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(GRF)ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆သန်း စုစုပေါင်းကျပ် ၆၁.၆သန်းဖြင့် အမြင့် ၇၅ပေ၊အချင်း၁၄ပေ ကို ချင်းကာလီလီကုမ္ဗဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ ၃လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

စာစုများ -