တီးတိန်မြို့နယ်ရှိ ရှာလ်လုမ်းခံတပ် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခရီးသွားဧည့်သည်များတိုးပွားမှုရှိလာစေရေး ကြည့်ရှု

                      ချင်းပြည်နယ် တီးတိန်မြို့နယ် ဝေါ့လာစ် ကျေးရွာအနီးတွင်ရှိသည့် သမိုင်းဝင် ရှာလ်လုမ်း ခံတပ် ရေရှည် တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားဧည့်သည်များလာရောက်နိုင်စေရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဇွန် ၂၇ ရက်က ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုသည်။  ပြည်နယ်လူမှုရေးဝန်ကြီးသည် သမိုင်းဝင် ရှာလ်လုမ်းခံတပ်တွင်ရှိသည့် နယ်ချဲ့ တော်လှန်ရေးကာလက ကျဆုံးခဲ့ကြသော ချင်းတိုင်းရင်းသား တော်လှန်ရေးခေါင်း ဆောင်များနှင့် တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူများတွင် ကြေးကမ္ပည်းများရေးထိုးမှတ်တမ်းထားရှိနိုင်ရေး၊ ခံတပ်အတွင်းရှိကျောက်လိုဏ်ဂူများနှင့် ရှာလ်လုမ်းခံတပ် သို့ သွားရောက်သည့်လမ်းကောင်းမွန်ရေးတို့အတွက် ဆောင်ရွက်ရန်ကိစ္စများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။ “မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့တော်လှန် ရေးသမိုင်းမှာ မင်းလှခံတပ်ပြီးရင် ရှာလ်လုမ်းခံတပ်ဟာ ဒုတိယအထင်ရှားဆုံး ခံတပ်ဖြစ်ပါတယ်။   တီးတိန်မြို့နယ် ဝေါ့လာစ်ကျေးရွာကနေ တစ်မိုင်ခွဲ လောက်ပဲဝေးပါတယ်။ ဒီခံတပ်မှာ တစ်ချိန် တုန်းက နယ်ချဲ့ကို ရဲရဲဝံ့ဝံ့တိုက် ခိုက်ခဲ့ကြတဲ့ ချင်းတိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေ တိုက်ပွဲဝင်ရင်းအသက်ပေးခဲ့ကြရတာကို ဒီနေ့လူငယ်လေးတွေ သိစေမြင်စေချင်ပါတယ်။ ဒါကြောင့် ရှာလ်လုမ်းခံတပ်ကို လမ်းတွေကောင်းအောင်၊ တော်လှန်ရေး ရဲဘော်တွေရဲ့ အုတ်ဂူတွေမှာ ကြေးကမ္ပည်းတွေနဲ့ မှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ မီဒီယာတွေကနေလည်း လူသိများလာအောင်၊ ခရီးသွားဧည့်သည် တွေလည်းလာနိုင်အောင်၊ ချင်းပြည်နယ်ရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို မှတ်တမ်း တင်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ် ပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောကြားသည်။

စာစုများ -