အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၃၈ ဦးတို့အား ဖလမ်းမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ပို့ဆောင်ပေး

               အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၃၈ ဦးတို့သည် ဇူလိုင်  ၃ ရက် ညနေ ၉ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ တစ်ဆင့် ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး ရိခေါ်ဒါရ်မြို့ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း၌ တစ်ညအိပ်ခေတ္တရပ်နားပြီး ဖလမ်းမြို့သို့ အသွားအလာကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါနေရပ်ပြန်လာသူ ၃၆ ဦးတို့သည် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား တစ်ဦးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ Punjup ပြည်နယ်သို့ ဓမ္မကျမ်းစာကျောင်း တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး သုံးဦးတို့မှာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရှမ်းပြည်နယ်၊ သိန်နီမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဟုမ္မလင်းမြို့၊ ခမ်းပတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်တို့၌ နေထိုင်ကြသူများဖြစ်ပြီး ၎င်း ၁၈ ဦးတို့သည် အိန္ဒိယနိုင်ငံ Bangalore မြို့သို့ ဓမ္မကျမ်းစာကျောင်း တက်ရောက်ခဲ့သူများဖြစ်ကြကြောင်း၊ အမျိုးသား ခုနှစ် ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ နေထိုင်ကြသူများဖြစ်ပြီး ၎င်း ၁၇ ဦးတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ ကုန်သည်၊ အရောင်းအဝယ်လုပ်ငန်းဖြင့် သွားရောက်ခဲ့သူများ ဖြစ်ကြကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ ၃၆ ဦးတို့သည် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ဦးတို့ဖြစ်ပြီး ၎င်းတို့အား မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် ကားလေးဝင်းအနီးရှိ မြို့လူဝင်လူထွက်နှင့် ပြည်ပမှတရားမဝင် ဝင်ရောက်လာသူများ စစ်ဆေးလက်ခံရေးဂိတ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်လူငယ်အဖွဲ့များဖြင့် စစ်ဆေး လက်ခံခြင်းဖြစ်ပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေကို စစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နေရပ်ပြန်လာသူများသည် ရိခေါ်ဒါရ်မြို့၌ ကြိုတင်ပြင်ဆင်ထားသည့် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း၌ တစ်ညအိပ် ခေတ္တရပ်နားခဲ့ကြောင်း၊ ၎င်းတို့အား  အသွားအလာကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိရန် ဇူလိုင် ၃ ရက်က ဖလမ်းမြို့သို့ မော်တော်ယာဉ် လေးစီးဖြင့်ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စာစုများ -