အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအပါအဝင် ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

                   ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ အပါအဝင် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ  ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေး၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးနှင့် COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် Community Based Facility Qurantine စိစစ်ကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဌ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန် ထားသော ဆောင်ရွက်ရန်အချက်များနှင့်အညီ ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများဖွင့်လှစ်ထားရှိမှုနှင့် ဆက်လက်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လည်းကောင်း၊ Qurantine Centreများတွင်  Qurantine ထားရှိမှုအခြေအနေများနှင့် COVID-19 ထိန်းချုပ်နိုင်ရေးလက်ရှိအခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာဆပ်ကော်မတီများက ကဏ္ဍအလိုက်ဆွေးနွေး တင်ပြကြသည်။ ထို့နောက် ချင်းပြည်နယ်Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကော်မတီအလိုက် တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာအထက်တန်းကျောင်းများ အချိန်နှင့်တပြေးညီဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်ပြီးသော အခြေခံပညာအထက်တန်းကျောင်း များရှိ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးစစ်ဆေးမှုအပါအဝင် ကျန်းမာ​ရေးစောင့်ရှောက်မှု  များနေ့စဉ်ဆောင်ရွက်နိုင်ရေးနှင့် ဆက်လက်ဖွင့်လှစ်ရန်ကျန်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန်  နိဂုံးချုပ် အမှာစကားပြောကြားသည်။ ချင်းပြည်နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းစုစုပေါင်း ၂၀၇ ကျောင်းရှိ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ A အဆင့်ကျောင်း ၄၂ ကျောင်းဖွင့်လှစ်နိုင်ရန် တင်ပြထားရှိရာမှ ၂၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး တင်ပြထားဆဲ ၂၁ကျောင်းရှိပြီ ဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျောင်းများကိုလည်း အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြကာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စာစုများ -