COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး၊ စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ

         ချင်းပြည်နယ်အတွင်း Coronavirus  Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရောဂါထိန်းချုပ်ရေး၊ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်နှင့် ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်း ၊ အသိပညာ ပေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဇူလိုင်လ ၂၇ ရက် နံနက် ၉ နာရီက ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အစည်းအဝေးသို့ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ပြည်နယ်ဉီးစီးမှူး ဒေါက်တာအောင်ငွေစံနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဆလိုင်းလွှန်ဆဝုန်၊ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၊ပြည်နယ် ဦးစီးမှူး ဦးစောမြင့်လွင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန မှ ပြည်နယ်ဉီးစီး မှူး ဒေါက်တာအောင်ငွေစံက ချင်းပြည်နယ်အတွင်း Coronavirus  Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရောဂါထိန်းချုပ်ရေး၊ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID -19 ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့် ပတ်သက်၍ အဝေးပြေးကားဂိတ်များ၊စျေးဆိုင်များ၊စားသောက်ဆိုင်များနှင့် စျေးသည်၊စျေးဝယ်များ၊ အခြေခံပညာကျောင်းများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် စစ်ဆေးကြပ်မတ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။ ချင်းပြည်နယ် Coronavirus  Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေဖြင့် ပြည်နယ်အတွင်း ဖွင့်လှစ်ရန်ကျန်ရှိသည့် အခြေခံပညာအထက်တန်း ကျောင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆောင်ရွက်ရန် အချက်များနှင့်အညီ အမြန်ဖွင့်လှစ်နိုင်ရေး၊ ပြည်နယ်အဆင့် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းကော်မတီများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှုနှင့်အတူ ပြည်သူများအား (COVID-19)ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်လာစေရေး၊လုပ်ငန်းများ အရှိန်မပျက်စေဘဲ စနစ်တကျဆောင်ရွက်နိုင်ရေး၊ စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသော အဝေးပြေးကားဂိတ်များ၊ တည်းခိုခန်းများအား စနစ်တကျဖွင့်လှစ်ဆောင်ရွက်နိုင်ရေး တို့ကိုကြီးကြပ်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားထားကြောင်း သိရှိရသည်။

စာစုများ -