ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ကြေညာမှုများအား ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်အတူ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းဆောင်ရွက်လျက်ရှိ

            ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင်ရုံးများနှင့် ဟားခါးမြို့ အများပြည်သူသွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်စာရင်းကြေညာမှုများအား  ဇူလိုင်လ ၂၅ ရက်နေ့မှ စ၍ ကပ်ထားကြေညာထားရှိပြီး ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌ၊အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက နေ့စဉ် ကြီးကြပ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ "၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏လမ်းညွှန်မှုနှင့်အတူဇူလိုင်လ ၂၅ ရက်နေ့မှစ၍ (၁၄) ရက်ကြာ မဲဆန္ဒရှင်အမည်စာရင်းများ ကြေညာထားရှိမှာဖြစ်ပြီး ဒီနေ့ဆိုရင် (၃)ရက်မြောက်နေ့ရှိပါပြီ။ မဲစာရင်းကပ်တဲ့နေရာတစ်နေရာမှာ တစ်ရက်ကို  မဲစာရင်းလာကြည့်သူ ပျမ်းမျှ(၁၀၀)ဦးလောက်ရှိပါတယ်။ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေးနှိုးဆော်တာတွေ၊ မဲစာရင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းတွေ၊ မဲစာရင်းမှာ မပါသေးတဲ့သူတွေ စတာတွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နေ့စဉ် ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဉီးစီးအရာရှိ ဉီးထောင်ဇဆန်းက ပြောပြပါတယ်”။ ဟားခါးမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၁၈၇၄၆ ဉီး မ ၂၀၉၅၀ ဉီး စုစုပေါင်း ၃၉၆၉၆ ဉီး ရှိပြီး မဲစာရင်းများကြေညာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကျေးကော်မရှင်များနှင့်အတူ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း လူငယ်များပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဟားခါးမြို့ပေါ်တွင် မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု၍ မဲစာရင်းနှင့်စပ်လျဉ်းသည့် တောင်းဆိုခြင်း၊ပြင်ဆင်ခြင်း၊ကန့်ကွက်ခြင်းများ ရှိပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရန်အတွက် စေတနာ့ဝန်ထမ်း လူငယ်ဦးရေပေါင်း(၄၂)ဦးမှ ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

စာစုများ -