ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အခြေအနေ အပါအဝင် ပြည်နယ်၏ ပညာရေး ကျန်းမာရေး၊ စီးပွားရေးများ လူမှုရေးများနှင့်ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့က ချင်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာ အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေး ဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေ းဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးဖွေေအား၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်၊ သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဒေသအတွင်းသတင်းမီဒီယာ ဌာနများမှအယ်ဒီတာများနှင့်မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူနှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို အခါအားလျှော်စွာကျင်းပ ပြုလုပ်ခဲ့ပါ ကြောင်း၊ လစဉ်ကျင်းပပြုလုပ်ဖို့လည်း ကြိုးစားခဲ့ပါကြောင်း၊ ပြုလုပ်ခဲ့သည့် အကြိမ်တိုင်း၌လည်း ရင်းနှီးမှုတိုးတက်မှုများရရှိခဲ့ပါကြောင်း၊ တက်ရောက်လာကြသည့် သတင်းမီဒီယာများအား ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အစိုးရအဖွဲ့နှင့် သတင်းမီဒီယာဆိုသည်မှာ ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးပေးထားပါကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မှန်ကန်သော သတင်းများကို ချင်းပြည်နယ်အတွင်းရှိမိဘပြည်သူများ သိရှိနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲကျင်းပရသည်ကို ကြိုဆိုပါ ကြောင်း၊ သိရှိသည်များကို မေးမြန်းနိုင်ပါကြောင်းနှင့်ကြိုးစားဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအခြေအနေအပါအဝင် ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေးနှင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူနှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လမ်းပန်းဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေေအားနှင့် ပြည်နယ် ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးလင်းကျော်တို့ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ချင်းပြည်နယ်အတွင်းမှ သတင်းမီဒီယာဌာနစုစုပေါင်း (၁၇)ဌာန တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ချင်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကျေနပ်လောက်အောင် ရှင်းလင်းဖြေကြားပေးသည်ကို သတင်းမီဒီယာဌာနများ အနေဖြင့် ကျေနပ်ဝမ်းမြောက်ခဲ့ကြပါကြောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သတင်းမှန်များနှင့်ပြည်နယ်အတွင်း အခြေအနေများအား ပြည်သူများသိရှိနိုင်စေရေး သတင်းမီဒီယာများနှင့် ပူးပေါင်း၍အခါအားလျော်စွာ တွေ့ဆုံပွဲများကျင်းပခြင်း၊လိုအပ်သည့် အချိန်တွင်တွေ့ဆုံမေးမြန်း ခြင်းများဖြင့်အချိန်နှင့်တပြေးညီထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။