ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေဒေသခံပြည်သူများနှင့် တွေ့ဆုံ
               ချင်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁ ရက်နေ့က ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီးကျေးရွာနေ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ အိုင်ကွန်-အိုင်ရဲဘွာလ်-ကြောင်ေဟွ့-ကော်ဆဲလမ်း ကျောက်စီမြေထိန်းနံရံနှင့် ကွန်ကရစ်ရေမြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဖလမ်းမြို့နယ်၊ အိုင်ကွန်-အိုင်ရဲဘွာလ်-ကြောင်ေဟွ့-ကော်ဆဲလမ်းသည် (၈၀၀×၂×၂)ပေရှိ ကျောက်စီမြေထိန်းနံရံနှင့် ကွန်ကရစ်ရေမြောင်းကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၀၆.၃၄၇)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါလမ်းကို ကျေးရွာ(၁၄)ရွာခန့်က အသုံးပြုနေသည့်လမ်းဖြစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ အိုင်ရဲဘွာလ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဖလမ်းမြို့နယ်၊ အိုင်ရဲဘွာလ်ကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်သည် ချင်းပြည်နယ်အခြေခံပညာဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၇၀.၅၆၀)သန်းကုန်ကျခံကာ (၆၀×၃၀)ပေ သွပ်မိုး Steel Structure တစ်ထပ်တိုက်ဖြင့် ဆောက်လုပ်ပြီးစီးခြင်းဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများနှင့် အဆိုပါကျေးရွာခန်းမ၌လည်းကောင်း၊ သီးလုမ်ကျေးရွာဒေသခံပြည်သူများနှင့် သီးလုမ်အုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌လည်းကောင်း အသီးသီးတွေ့ဆုံပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
စာစုများ -