ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့နယ်အတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
              ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဖလမ်းမြို့နယ်အတွင်းဒေသခံပြည်သူများနှင့် ဇူလိုင် ၃၁ ရက်က တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ဖလမ်းမြို့၊ လုံပီးရပ်ကွက်၊ ဇာလိုင်ရပ်ကွက်၊ တာလ်အုပ်စုအတွင်းကျေးရွာဒေသခြံပည်သူများနှင့် ဖလမ်းမြို့၊ လုံပီးရပ်ကွက် Cyclone Shelter ခန်းမတွင်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရွှေတောင်ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းသည့် ဖလမ်းမြို့၊ လုံရန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင်ဆောင် RCC နှစ်ထပ်တိုက် ဆောက်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ အဆိုပါစာသင်ဆောင်သည် ရွှေတောင် ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး စာသင်ဆောင်ကို (၁၃၂×၃၀)ပေရှိ RCC နှစ်ထပ်တိုက်ဖြင့်ဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဖလမ်းမြို့နယ်၊ သီးလီကျေးရွာနှင့် အနီးနားရှိဒေသခံပြည်သူများနှင့် သီးလီကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တွေ့ဆုံပြီး ကျေးရွာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စာစုများ -