(၁၃)ကြိမ်မြောက် သမဝါယမချေးငွေ အရစ်ကျပေးချေငွေ နှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာဆောင်ရွက်နိုင်ရေးကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ခင်မာအေးနှင့်အဖွဲ့သည် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဩဂုတ်လ (၉)ရက်နေ့က ဖလမ်းမြို့နယ် သမဝါယမဦးစီးဌာနရုံးသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ ရှေးဦးစွာ ချင်းပြည်နယ်သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနအတွင်း ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သမဝါယမ ကျင့်ဝတ်၊ အနှစ်သာရ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ဝန်ထမ်းများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်များကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၏ တာဝန်ဖြစ်သော Organization, Education, Regulation (OER)ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်နှင့် အသင်းများဖွဲ့စည်းရာတွင် စနစ်တကျ ကျစ်လစ် ခိုင်မာအောင် ဖွဲ့စည်းရန်လည်းကောင်း၊ ချေးငွေများ အလွဲသုံးစားမဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် စာရင်းဇယားများပြည့်စုံမှန်ကန်စွာထားရှိဆောင်ရွက်ကြရန်များကို လည်းကောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃) ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေးငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်းရှိ၊မရှိနှင့် ဖလမ်းမြို့နယ်သမဝါယမဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော မြေထိန်းနံရံတည်ဆောက်မှု အခြေအနေများ၊ ဖလမ်းမြို့ပေါ်ရှိ သမဝါယမအသင်း အရောင်းဆိုင်၏ ရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့နယ်အနေဖြင့် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက်ချေးငွေအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းပေါင်း (၄၅)သင်း၊ အသင်းသားဦးရေ (၁၃၅၆)ဦးတို့အတွက် ထုတ်ချေးငွေစုစုပေါင်းကျပ် (၅၇၂.၄၂၉)သန်း ထုတ်ချေးထားပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း အရစ်ကျပေးဆပ်ရမည့် အရင်း ၁၆ ပုံ ၁ ပုံအတွက် ငွေကျပ် (၂၆.၁၄၄)သန်းနှင့် ကျသင့်အတိုးအတွက် ငွေကျပ် (၂၆.၄၂၀)သန်း စုစုပေါင်းငွေကျပ် (၅၂.၅၆၄)သန်းကို အပြေအကြေပေးဆပ်ပြီးဖြစ်ကြောင်း သိရှိရသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် သမဝါယမချေးငွေများ အပြေကြေပေးဆပ်ပြီးစီးလျက်ရှိပြီး ဆက်လက်၍ (၁၄)ကြိမ်မြောက် သမဝါယမချေးငွေများအား အသင်းသားဦးရေပေါ်မူတည်၍ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

စာစုများ -