ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP )အရ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်
              ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်( CERP )အရ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်အတွင်း မသန်စွမ်းသူများအား စက်တင်ဘာ ၉ ရက် နံနက်ပိုင်းမှစ၍ ကျင်မွာလ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေများ ထုတ်ပေးလျက်ရှိသည်။ “ကျွန်တော်တို့ မသန်စွမ်းတွေကို ဒီလိုမျိုးထောက်ပံ့ကြေးပေးအပ်တဲ့အတွက် ကျေးဇူးတင်တယ်။ ကျွန်တော်တို့ မသန်စွမ်းတွေက အဖက်ဖက်မှာ အခက်အခဲရှိတယ်။ အခုရတာလေးနဲ့ ကျွန်တော်တို့ မိသားစုအတွက် ဖြစ်နိုင်သလောက် တိုးတက်ရေးမှာပဲဖြစ်ဖြစ် အခြားကဏ္ဍမှာပဲဖြစ်ဖြစ် အထောက်အကူပြုမယ်ထင်ပါတယ်။ ပြီးတော့မှ အစိုးရကနေ မသန်စွမ်းတွေ လျစ်လျူမရှုပဲနဲ့ ဒီလိုမျိုးထိလုပ်ပေးတဲ့အတွက်ကြောင့် အစိုးရပဲဖြစ်ဖြစ် NGO ပဲဖြစ်ဖြစ် ဒီလိုမျိုး လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်”လို့ မသန်စွမ်း ဦးမန်အုပ်ပြန်း က ပြောသည်။ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကို စက်တင်ဘာလ ၇ ရက်နေ့က ဖလမ်းခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဥမ္မာဆွေက ကျင်မွာလ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုက်ကယ်ဇာရှဘွဲထံ လွှဲပြောင်းပေးအပ်ပြီး ကျင်မွာလ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း မသန်စွမ်း(၈၁)ဦးကို တစ်ဦးလျှင် ကျပ် ၃၀၀၀၀ စီဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP )အရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
စာစုများ -