တွန်းဇံမြို့ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား၌ ပြည်နယ်လူမှုရေးဝန်ကြီး အမှာစကားပြောကြား
                   မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ကျင်းပသည်။ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက် လာလျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပစ္စည်းများကို အကျိုးရှိရှိ အသုံးပြုစေလိုကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက် လာနိုင်ခြင်းမရှိသော တွန်းဇံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးသော ထောက်ပံ့ ငွေများနှင့် အခြားထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မသန်စွမ်းသူများ၏ လက်ဝယ်သို့ ပြည့်ပြည့်ဝဝရောက်ရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ တွန်းဇံမြို့နယ်အတွင်း မသန်စွမ်းသူ(၆၆၄)ဦးရှိသည့် အနက် (၁၃၁)ဦးအား တစ်ဦးလျှင်ကျပ်(၃၀၀၀၀/-)နှုန်းဖြင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကျေးရွာအုပ်ချုပ်ရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က နိုင်ငံတော်မှထောက်ပံ့ပေးသည့် PPE ဝတ်စုံ(၁၆)စုံ၊ ဦးထုပ်(၆၂)လုံး၊ Face Shield(၂၄၀)ခု၊ လက်အိတ်(၂၄၀)ခု၊ Mask (၂၄၀)ခု၊ မိုးကာ(၂၄၀)ခုနှင့် လက်သန့် ဆေးဗူး(သေး)(၆၂)ဗူးကို စေတနာ့ဝန်ထမ်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ(၇၂၀၀၀၀/-)ကျပ်ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စာစုများ -