တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး မြေထိန်းနံရံတည်ဆောက်မှု ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ပြည်နယ်လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး

                 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက်လမ်းခင်းကျင်းနိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံစုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှု ၁၀၀ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများကို စက်တင်ဘာလ ၁၀ရက်နေ့ မွန်းလွဲ၁နာရီက ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ရုံးအဝင်ပေါက်လမ်းမကြီး ကွန်ဂရစ်ခင်းကျင်းနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စု(ဖြည့်စွက်)ရန်ပုံငွေ ကျပ်သန်း ၆၅.၂၄၀ဖြင့် Delta Pride ကုမ္ပဏီလီမီတက်က တာဝန်ယူ၍ ဇူလိုင်လ ၁၇ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ပထမမြေထိန်းနံရံ အလျား၂၄၂ပေ× အမြင့်၇ပေ×အထူ၄ပေ၊ ဒုတိယမြေထိန်းနံရံ အလျား၁၀၀×အမြင့်၅ပေ×အထူ၃ပေ၊ တတိယမြေထိန်းနံရံ အလျား၁၀၀ပေ×အမြင့်၁၀ပေ×အထူ၅ပေ၊ စတုတ္ထမြေထိန်းနံရံ အလျား၈၀ပေ×အမြင့်၄ပေ×အထူ၃ပေရှိ စုစုပေါင်း ကျောက်စီမြေထိန်းနံရံ (၄)ခုနှင့် ရေနုတ်မြောင်းများ ပါဝင်ပြီး ယနေ့တွင်လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးထန်မွမ်းခိုင်ထံမှ သိရှိရသည်။ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် အကျယ် ပေ၂၀× အရှည်ပေ၂၆၀×အထူ ၈လက်မရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက်ကွန်ဂရစ်လမ်းခင်းကျင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးထန်မွမ်းခိုင်ထံမှ သိရှိရသည်။

စာစုများ -