ဖလမ်း-ရိခေါ်ဒါရ် ကားလမ်းမရှိ ထိန်းစာန်းကျေးရွာ၌ လမ်းကြောင်းပြုပြင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ရိခေါ်ဒါရ်မြို့တို့အား ဆက်သွယ်ထားသည့် ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်ဦးဆောင်ပြီး လမ်းဦးစီးဌာနတာဝန်ခံ ဒေါ်မိုင်မာလာ၊ ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဦးဆလိုင်းသိန်းဌေးလွင်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၃) ဦးဗျားဇမုန်တို့အဖွဲ့သည် ယမန့်နေ့ က ဖလမ်းမြို့နယ်၊ ထိန်းစာန်းကျေးရွာအနီး၌ နယ်မြေဒေသအရောက် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။အဆိုပါ ဖလမ်း-ရိခေါ်ဒါရ်လမ်းကြောင်း ပြုပြင်ရေးကွင်းဆင်းဆောင်ရွက်မှုသည် ဖလမ်း- ရိခေါ်ဒါရ်လမ်းကြောင်းအနီးရှိ ထိန်းစာန်းကျေးရွာ ပြည်သူလူထုများမှ မိမိတို့ကျေးရွာအား ဖလမ်း- ရိခေါ်ဒါရ်မော်တော်ကားလမ်းကြောင်းအနီး၌ ရှိပါသော်လည်း လမ်းမကြီးသည် ကျေးရွာအတွင်း ဖြတ်သန်း သွားခြင်းမရှိပဲ ကျေးရွာနှင့်အပေါ်ပိုင်း၌ ဖြတ်သွားခြင်းကြောင့် စားဝတ်နေရေး၊ သယ်ယူပို့ဆောင်ရေးနှင့်အခြားသောကိစ္စရပ်များ၌ အဆင်မပြေမှုများရှိပြီး မိမိတို့ကျေးရွာအား အဆိုပါ ကားလမ်းမအနီးသို့ ပြောင်းရွှေ့သွားမည်ဆိုပါကလည်း သောက်သုံးရေသွယ်ယူစရာမရှိပဲ အခက်အခဲရှိနေကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်း-ရိခေါ်ဒါရ်လမ်းကြောင်းအား မိမိတို့ကျေးရွာကို ဖြတ်၍ လမ်းကြောင်းပြုပေးပါရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုမှုအပေါ် ကွင်းဆင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။လမ်းကြောင်းစစ်ဆေးဆောင်ရွက်သည့် ကွင်းဆင်းအဖွဲ့သည် ထိန်းစာန်းကျေးရွာပြည်သူ များနှင့်တွေ့ဆုံကာ ဖလမ်း-ရိခေါ်ဒါရ်ကားလမ်း ကြောင်းအား လက်ရှိလမ်း၏ အောက်ဖက်၌ ဖောက်လုပ်ပြုပြင်လိုသည့်နေရာများ၊ ပထဝီမြေ အနေအထားအရ အဆင်ပြေသည့်နေရာများနှင့် ကျေးရွာကိုဖြတ်၍ ဖောက်လုပ်နိုင်မည့်နေရာများလေ့လာဆန်းစစ်ပြီး နယ်မြေဒေသအရောက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လမ်းကြောင်းပြုပြင်ဆောင်ရွက် မည့်နေရာ၊ အတိုင်းအတာနှင့် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုများကို ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးဆောင်ရွက်ကာ သက်ဆိုင်ရာသို့ ဆက်လက်တင်ပြပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

စာစုများ -