ရိခေါ်ဒါရ်မြို့၌ ပြည်ပမှ နေရပ်ပြန်လာသူ ငါးဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ Facility Quarantine ၁၄ ရက်ပြည့်ပြီးသူ တစ်ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံနှင့် အထကခွဲကျောင်းတို့၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူ ငါးဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။အဆိုပါ နေရပ်ပြန်လာသူ ငါးဦးတို့သည် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်၌ နေထိုင်သူ အမျိုးသားတစ်ဦးနှင့် အမှတ်(၂)ရပ်ကွက်၌ နေထိုင်သူ အမျိုးသမီးတစ်ဦး၊ ဖလမ်းမြို့နယ်၊ ကျော့သဲကျေးရွာ၌ နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၌ နေထိုင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ (Aizawl)နှင့် လုံးလေမြို့ (Lunglei)များသို့ အလည်အပတ်ခရီးဖြင့် သွားရောက်ခဲ့ရာမှ နေရပ်ပြန် လာသူများဖြစ်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံနှင့် အထကခွဲကျောင်းတို့၌ အသွားအလာကန့်သတ် Facility Quarantine စောင့်ကြည့်ထားရှိခြင်းဖြစ်ပြီး အဆိုပါ ငါးဦးတို့အား နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို တီးတိန်မြို့သို့ ပေးပို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း သိရသည်။၎င်းတို့ငါးဦးအနက် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ အသွားအလာစောင့်ကြည့်ထားရှိသည့် အမျိုးသား တစ်ဦးအား အသွားအလာစောင့်ကြည့်သည့်ကာလ (၁၄)ရက် ပြည့်ပြီးဖြစ်၍ စက်တင်ဘာ ၁၉ ရက်က ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက ကျန်းမာကြောင်း ထောက်ခံချက်ပေးအပ်ပြီး မိမိနေအိမ်သို့ Home Quarantine ခုနှစ်ရက် ဆက်လက်ထားရှိရန်     ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီမှ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ရိခေါ်ဒါရ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လက်ရှိ၌ အသွားအလာ ကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိသူ လေးဦး ရှိကြောင်း သိရသည်။

စာစုများ -