ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီမှ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

ချင်းပြည်နယ်၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးရှိ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီမှ ရိခေါ်ဒါရ်မြို့ဝင်မြို့ထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်များကို နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ မြို့ဝင်မြို့ထွက်စစ်ဆေး ရေးဂိတ်များ တာဝန်ချထားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ပုံမှန်တာဝန်ချထားပြီး အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ တို့အား အလှည့်ကျဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့တွင်းဝင်ရောက်ဖြတ်သန်းလာသူများ၏ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းများရယူခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို နေ့စဉ် ပုံမှန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များ တာဝန်ချထားဆောင်ရွက်မှုများကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် ကော်မတီဝင်များက လုံခြုံရေးတာဝန်ချထား ဆောင်ရွက်မှုအပေါ် အဆင်ပြေချောမွေ့စေရေး၊ မလိုလားအပ်သော ပြဿနာများ၊ အခက်အခဲ များမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်ရေးအတွက် နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ မြို့ဝင်မြို့ထွက် စစ်ဆေး ရေးဂိတ်များကို တီးတိန်မြို့ဘက်မှ မြို့အဝင်နေရာ၌ လည်းကောင်း၊ ဖလမ်းမြို့ဘက်မှ မြို့အဝင် နေရာ၌ လည်းကောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် နယ်နိမိတ်နေရာ စသည့် သုံးနေရာ၌ စစ်ဆေးဂိတ်များ ဖွင့်လှစ်ပြီး ပူးပေါင်းစစ်ဆေးရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

စာစုများ -