ဟားခါး အောက်တိုဘာ ၁၁
ချင်းပြည်နယ် ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက်(၂၂)နှစ် အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူသည် ရန်ကုန်မြို့၊အလုံဗဟိုသားဖွားသင်တန်းကျောင်းသင်တန်း အမှတ်စဉ်(၁၆၂)ကို တက်ရောက်ပြီးနောက် ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် သားဖွားဆရာမ (၃)ဦးနှင့်အတူ ၂၇.၉.၂၀၂၀ရက်နေ့တွင် ဟားခါးသို့ထွက်ခွါလာပြီး ၂၈.၉.၂၀၂၀ရက်နေ့တွင် ဟားခါးမြို့အဝင် ဂန့်ဂေါလမ်း စစ်ဆေးရေးဂိတ်သို့ရောက်ရှိလာပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း Facility Quarantineတွင် ဝင်ရောက်ခဲ့ကြောင်း၊ Facility Quarantineတွင် ဝင်ရောက်နေစဉ်အတွင်း ၈.၁၀.၂၀၂၀ ရက်နေ့တွင် Swab ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ဖြစ်ပွားသည်ဟု သံသယရှိသော ကြောင့် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ သီးသန့်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ လူနာ၏ Swabအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင် ဓါတ်ခွဲနမူနာပစ္စည်းများကို မန္တလေးပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ၉.၁၀.၂၀၂၀ရက်နေ့တွင် ပေးပို့ခဲ့ရာ ၁၀.၁၀.၂၀၂၀ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(Positive)စာရင်းတွင် ပါရှိကြောင်း ဟားခါးပြည်သူ့ ဆေးရုံအုပ်ကြီးထံမှ သိရှိရကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအား လက်ရှိတွင် ဟားခါးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိပြီး ၄င်းနှင့်ထိတွေ့သူ (၃)ဦးမှာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ Facility Quarantine ဆက်လက်ထားရှိပြီး Swab နမူနာထပ်မံ စစ်ဆေး သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။