မင်းတပ်မြို့နယ်ရှိမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိ

မင်းတပ်            အောက်တိုဘာ၁၅

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်မှစ၍ ဦးဝမ္မသူးမောင်းပန်းခြံရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။ထိုသို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို မင်းတပ်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ခံ ဦးထန်းလှေ့ က " မင်းတပ်မြို့နယ် ပြင်ပကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထားပြီး ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ကျန်းမာရေးစစ်ဆေးပေးတာဖြစ်ပါတယ်၊ မဲရုံပေါင်း (၁၁၆)ရုံမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူး၊ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေထဲမှာ မင်းတပ်မြို့နယ် ပြင်ပကနေ လာရောက်ပြီးတာဝန်ထမ်းဆောင်မယ့်သူ (၁၇၂)ဦးရှိပါတယ်" ဟုပြောကြားသည်။ မင်းတပ်မြို့နယ်ရှိ မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား အောက်တိုဘာလ (၁၇)ရက်နေ့အထိ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းကို အောက်တိုဘာလ (၁၉)ရက်နေ့မှစ၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

စာစုများ -