ရိရေကန်ရှုခင်းသာအသစ် View Point ပြုလုပ်မည်

ရိခေါ်ဒါရ်        အောက်တိုဘာ၁၆

ချင်းပြည်နယ်၏ အမှတ်သင်္ကတနှင့် အထင်ကရနေရာဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေ မျက်နှာပင်အထက် ပေ ၂၉၆၆ ရှိတောင်ကုန်းပေါ်၌ သဘာဝအတိုင်း တစ်မူထူးခြားစွာ တည်ရှိ သည့် အသည်းနှလုံးပုံသဏ္ဍာန် ရိရေကန်ကြီး ရှုခင်းသာအသစ်ပြုလုပ်နိုင်ရေးအတွက် မြေနေရာ ရှာဖွေကွင်းဆင်းခြင်းကို အောက်တိုဘာ ၁၆ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရိရေကန် ရှုခင်းသာ View Point အသစ်မြေနေရာ ရှာဖွေရာတွင် ရိရေကန်ကြီး၏ အနောက်တောင်ဘက်ရှိ ကုန်းပေါ်မြေနေရာအား ကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့ပြီး ကွင်းဆင်း တိုင်းတာထားသည့် ကုန်းပေါ်မြေနေရာမှ ရိရေကန်ကြီးအား အသည်းနှလုံးပုံသဏ္ဍာန်ဖြင့် သဘာဝအတိုင်း ထင်ရှားစွာပေါ်လွင်ပြီး ရိရေကန်ဘေးပတ်လည်ရှိ စပါးစိုက်ခင်း လယ်ယာမြေ များ၊ ရိရေကန်အနီးရှိ ရိခေါ်ဒါရ်မြို့နှင့် ရိပြည်ထောင်စုရိပ်သာအဆောက်အဦးတို့ကိုလည်း ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရိရေကန်ရှုခင်းသာ View Point နေရာ ပြုလုပ်ခြင်းကို ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီမှ ဖြည့်စွက်ဘတ်ဂျက် (RE) ဖြင့် တင်ပြတောင်းခံပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  ရိရေကန် ရှုခင်းသာ View Point အဖြစ် လက်ရှိအသုံးပြုနေသည့်နေရာသည် ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ပြုလုပ်ထားခြင်းဖြစ်ရာ စာသင်ကျောင်းဖွင့်ချိန် နှင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုချိန်များ၌ ပြင်ပလူများ ဝင်ထွက်သွားလာမှုအဆင်မပြေ ခြင်း၊ စာသင်နေချိန်အနှောင့်အယှက်မဖြစ်စေရေးအတွက် ရိရေကန် ရှုခင်းသာ View Point အသစ် မြေနေရာရှာဖွေဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါမြေနေရာ ရှာဖွေကွင်းဆင်း ဆောင်ရွက်မှုကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးနိုင်းခေါဂေ၊ မြို့စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဘွဲ့လျန်ကျုံး၊ သစ်တောဦးစီးဌာနမှ ဦးလာလ်ရမ်းထားရ်နှင့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာတို့ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းတွေ့ရှိမှုများကို သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ပြီး View Point အကောင်အထည်ဖော်ခြင်းကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာစုများ -