တီးတိန်၌ မဲရုံမှူး၊ဒု-မဲရုံမှူး ပညာပေးသင်တန်းဖွင့်

တီးတိန်     အောက်တိုဘာ     ၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးများ ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ခွာဒိုခန်းမ၌ ပြုလုပ်သည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ တစ်ဦးချင်းမိတ်ဆက်သည်။ ထို့နောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဆွင့်ခန့်ခမ်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်တို့က အမှာစကားပြောကြားကြသည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ပထမအသုတ်တွင် တက်ရောက်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူး စုစုပေါင်း(၁၀၀)ဦး တက်ရောက်သည်။ ယင်းနောက် ပညာပေးသင်တန်း ဆက်လက်ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဒိမ့်စန်းကိမ်က  သင်တန်း/သင်ခန်းစာ မိတ်ဆက်သည်။ အဆိုပါသင်တန်းတွင် သင်တန်းများ၏ ရွေးကောက်ပွဲနှင့်ဆိုင်သောအခြေခံဗဟုသုတများအား ကိုယ်တိုင်အကဲဖြတ်ခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ မဲရုံဖွင့်/ပိတ်ခြင်း၊ ဆန္ဒမဲပေးခြင်းလုပ်ငန်းနှင့် မဲရုံအတွင်းသို့ဝင်ရောက်ခွင့်ရှိသူများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များထုတ်ပြန်ခြင်း၊ စောင့်ကြည့်လေ့လာသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲရုံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ ပုံစံဖြည့်သွင်းခြင်း၊ မဲပေးခြင်းလုပ်ငန်းစဥ် သရုပ်ပြခြင်း၊ ထုတ်ပိုးခြင်း လုပ်ငန်းစဥ် များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာစုများ -