ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်၍ ပြည်နယ်၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာမိသားစုများ၊တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၊အသင်းအဖွဲ့များ၊စေတနာရှင်များ၊အလှူရှင်များ၏စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ညွှန်ကြားချက်များနှင့်အညီ နိုဝင်ဘာလ ၂၉ရက်နံနက် ၁၀ နာရီကဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးနောက် ဟားခါးမြို့၊မြို့မပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ချင်းပြည်နယ်သံဃနာယကအဖွဲ့ဉက္ကဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိဘဒ္ဒန္တပဏ္ဍဝအရှင်မြတ်ထံ(၅)ပါး သီလခံယူဆောက်တည်ကာ ဆရာတောသံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်ကိုနာယူကြည်ညှိခဲ့ကြပါသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဟန်ဝင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက်ကထိန်လျာဉာတ်သင်္ကန်းကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စားပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဟားခါးမြို့၊တပ်ဦးကျောင်းဆရာတော်ထံသို့ဆက်ကပ်လှူဒါန်းရာ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊အလှူရှင် များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ၂၀၂၁ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် တန်ဖိုးစာရင်းများကို တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် ကြေညာခဲ့ပြီး
စုပေါင်းမဟာဘုံကထိန် တော် ကျင်းပနိုင်ရန်အတွက် ကထိန်ခံကျောင်းမဲနှိုက်ခြင်းနှင့်ပင့်သံဃာတော်ဆရာတော်များအား ပဒေသာပင်များမဲနှိုက်လှူဒါန်းခြင်းများဆောင်ရွက်ကြပါသည်။
ယင်းနောက် ဟားခါးမြို့၊မြို့မပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ချင်းပြည်နယ်သံဃနာယကအဖွဲ့ဉက္ကဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝအရှင်မြတ်ထံမှအနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာဗုဒ္ဓသာသနံ စိရံတိဌတု ရွက်ဆိုဆုတောင်း၍ အခမ်းနားရုပ်သိမ်းပြီးနောက် ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုး ခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်သည့် ၂၀၂၁ စုပေါင်းမဟာဘုံကထိန်ပဒေသာပင်စုစုပေါင်း (၂၄)ခု၊ ပစ္စည်းတန်းဖိုးစုစုပေါင်း(၇၅၃၅၃၀၀)ကျပ်နှင့်ငွေသားစုစုပေါင်း(၁၆၅၁၀၃၀၀)ကျပ် ဖြစ်ပြီးစုစုပေါင်းတန်ဖိုး(၂၄၀၄၅၆၀၀)ကျပ်ဖြစ်ကြောင်း ပြည်နယ်သာသနာရေးဦးစီးဌာနရုံးထံမှသိရှိရသည်။

စာစုများ -