(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် လွတ်လပ်ရေးကျောက်တိုင်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟားခါး              ဇန်နဝါရီ၄

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဇန်နဝါရီလ ၄ရက်နေ့ နံနက် ၄နာရီ မိနစ် ၂၀ အချိန်တွင်  ဟားခါးမြို့၊မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား ချင်းပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က တိုင်ထိပ်သို့ အစီအစဉ်အတိုင်း လွှင့်တင်ပေးခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်ရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။ ဆက်လက်၍ နံနက် ၆နာရီခွဲတွင် ယင်းပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်နှင့် မြို့မိမြို့ဖ ဦးငွန်ဆန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက လွတ်လပ်ရေးကျောက်တိုင် ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(GRF)ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆သန်း စုစုပေါင်းကျပ် ၆၁.၆သန်းဖြင့် အမြင့် ၇၅ပေ၊အချင်း၁၄ပေ ကို ချင်းကာလီလီကုမ္ဗဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရှိရ သည်။ ထို့နောက် နံနက် ၇နာရီအချိန်တွင် လွတ်လပ်ရေးနေ့အခမ်းအနားကို အဆိုပါလွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖတ်ကြားသည်။ ယနေ့အခမ်းအနားကို Maskများ စနစ်တကျတပ်ဆင်ခြင်း၊ (၆)ပေအကွာတွင် ရပ်စေခြင်း၊ လက်သန့်ဆေးရည်များထားရှိစေခြင်းများအပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19ဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

စာစုများ -