ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး ပြုလုပ်

ရိခေါ်ဒါရ်           ဇန်နဝါရီ၁၄

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။ ရှေးဦးစွာ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အရေးပေါ် အစည်းအဝေးခေါ်ယူရခြင်းအကြောင်းနှင့် ရောဂါထိန်းချုပ်တုံ့ပြန်ရေးဆိုင်ရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကော်မတီ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်လူငယ် Volunteer များနှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းထိရောက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။ ထို့နောက် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအခြေအနေများ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ အစည်းအဝေးတွင် ရိခေါ်ဒါရ်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများ အနေဖြင့် ရိခေါ်ဒါရ်မြို့သို့ လာရောက်ပါက သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုရန်၊ တီးတိန်မြို့၌ ရောဂါပြန့်ပွားမှုတိုးလာပါသဖြင့် တီးတိန်၊ တွန်းဇံ၊ ကလေးမြို့များအပါအဝင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ Stay at Home သတ်မှတ်ထားသည့် နေရာများမှ လာရောက်သူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် ထောက်ခံချက်နှင့် Test Kid မပါရှိသူများအား Facility Quarantine Centre ၌ စောင့်ကြည့်ထားရှိ ရန်၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ ခိုးဝင်လာသူမရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက ဌာန၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များမှ စောင့်ကြည့်ထားရှိရန်၊ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်းကို ကျန်းမာရေး၊ မီးသတ်၊ ပြန်/ဆက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များ ပူးပေါင်းပြီး ရပ်ကွက်အတွင်းလှည့်လည်ဆော်သြရန်နှင့် ရောဂါပြန့်ပွားမှုအခြေအနေပေါ် မူတည်ပြီး ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ အရေးပေါ်အစည်းအဝေးများ လိုအပ်သလို ခေါ်ယူပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ အဆိုပါ အရေးပေါ်အစည်းအဝေးတွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီတင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များနှင့် မြို့ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စာစုများ -