ဟားခါး ဇန်နဝါရီ၁၄
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ငွေကျပ်(၅၇၅၉၇၂၀၀၀)ဖြင့် Aasaw(အာဆော)ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် (၁၃၀x၈၇)ပေ (၂)ထပ်RC အမျိုးအစား ကျောင်းသား/သူ အိပ်ဆောင်၊၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၃၉၆၂၂၇၀၀၀) ကျပ်ဖြင့် HPL Family ကုမ္ပဏီမှ ပေ (၇၈x၉၄) (၄)ခန်းတွဲ (၂)ထပ် သံကူကွန်ကရစ် ဝန်ထမ်းအိမ်ရာနှင့် ပြည်ထောင်စုရန်ပုံငွေ ကျပ် (၆၀၀၂၇၆၀၀၀)ဖြင့် Double Arrow ကုမ္ပဏီမှ ပေ (၁၂၀x၄၀)ရှိ (၆)ခန်းတွဲ (၃)ထပ် RC ဆောင်စသည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)ကျောင်းအုပ်ကြီး ဒေါက်တာ ဆလိုင်းတလွန်ဇထန်းထံမှ သိရှိရသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် အဆောက်အဦအသစ်(၃)လုံးအပြင် တည်ဆောက်ဆဲအဆောက်အဦသစ် (၇)လုံးကျန်ရှိနေကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်တည်ဆောက်သွားမည့် အဆောက်အဦ(၂)လုံးရှိကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)ကျောင်းအုပ်ကြီး ဒေါက်တာဆလိုင်းတလွန်ဇထန်း၏ ပြောကြားချက်အရ သိရသည်။