ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်ကြီး၏ ဦးဆောင်မှုဖြင့် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီတွင် ရိခေါ်ဒါရ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တလွန်ကျုံးထန်က အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားနိုင်မှုအခြေအနေများ၊ ပြည်သူများအနေဖြင့်မိမိကအစ ကာကွယ်ကြရန် လိုအပ်ကြောင်း၊ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူတိုင်းမလိုအပ်ပဲ အပြင်သို့ထွက်ခွာခြင်းမပြုကြရန်နှင့် မဖြစ်မနေ အပြင်သို့ထွက်သွားပါကလည်း နှာခေါင်းစည်း တပ်ဆင်သွားကြရန်နှင့် လက်ဆေးခြင်းကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ အလေးထားလိုက်နာသွားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့နောက် ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ရိခေါ်ဒါရ်မြို့ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာကြသူများမှ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မေးမြန်းမှုများအပေါ် ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာတလွန်ကျုံးထန်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်တို့ကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။ရိခေါ်ဒါရ်မြို့ပေါ်၌ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူငါးဦးရှိပြီး အဆိုပါ ပိုးတွေ့လူနာထဲတွင် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှကျန်းမာရေးဝန်ထမ်းတစ်ချို့ပါရှိခြင်း ကြောင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံအားခေတ္တပိတ်ပင်ထားမည်ဖြစ်ပြီး ရပ်ကွက်ပြည်သူများကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဖလမ်းမြို့ ပြည်သူဆေးရုံမှမြို့နယ်သူနာပြု(၁) ဆရာမကြီး တစ်ဦး၊ ဇောင်သဲကျေးရွာမှ ကျန်းမာရေးမှူးတစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း သူနာပြုများအား ရိခေါ်ဒါရ်မြို့၌ ခေတ္တတာဝန်ချထားပေးခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့၌  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ    PPE ဝတ်စုံများနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းသုံးအခြားပစ္စည်းများ၊ အရေးပေါ်အသုံးပြုရန်အတွက် ဖလမ်းမြို့ ပြည်သူ့ဆေးရုံရှိ လူနာတင်ယာဉ် တစ်စီးကို ရိခေါ်ဒါရ်မြို့၌ ခေတ္တထားရှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အရေးပေါ်အစည်းအဝေးတွင်  ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ်၊ မြို့နယ်သူနာပြု ဆရာမကြီး၊ ကျန်းမာရေးမှူးတို့နှင့်အတူ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ရပ်ကွက်လူငယ် Volunteer အဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စာစုများ -