ချင်းပြည်နယ်၊ဟားခါးမြို့၌ ကျန်းမာရေးဝန်ထမ်းများအား COVID-19​ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးမှု အခြေအနေများအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် လှည့်လည်ကြည့်ရှု

ဟားခါး                   ဇန်နဝါရီ                  ၂၇

          ချင်းပြည်နယ်၊ဟားခါးမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ဟားခါးပြည်သူ့ဆေးရုံကြီးတွင်  COVID-19​ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးမှု အခြေအနေများအား ဇန်နဝါရီ ၂၇ရက် နံနက် ၈နာရီအချိန်က ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံ၊ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

          အဆိုပါ ကျန်းမာရေးဝန်ထမ်းများအား အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် COVID-19​ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံက “ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်က ဝန်ထမ်းများကို အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် COVID-19​ ရောဂါ ကာကွယ်ဆေးကို ဟားခါး၊ထန်တလန်၊ဖလမ်း၊တီးတိန်၊တွန်းဇံမြို့တို့မှာ စတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်၊ကျွန်တော်လဲ ကာကွယ်ဆေး ထိုးပြီးပါပြီ၊ ကာကွယ်ဆေးမထိုးမီမှာ အဖျားတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတွေဆောင်ရွက်ပါတယ်၊ ကာကွယ်ဆေးထိုးပြီးရင်လျှင် မိနစ်(၃၀) စောင့်ကြပ်ကြည့်ရှုခြင်းတွေဆောင်ရွက်ပါတယ်၊ တစ်ခုခုဓာတ်မတည့်မှု ရှိခဲ့လျှင် ချက်ခြင်းကုပေးနိုင်ဖို့ပါ၊ ဆက်လက်ပြီးတော့ အများပြည်သူများကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်စီမံမှုနှင့်အတူ အခြေခံအချက်အလက်စာရင်းကောက်လျက်ရှိပါတယ်၊ စာရင်းကောက်ယူပြီးနောက်  ဗဟိုကို တင်ပြရမှာဖြစ်ပါတယ်၊ ဗဟိုမှာတင်ပြပြီးရင် ဦးစားပေးအဆင့်သတ်မှတ်ပြီးတော့ ကာကွယ်ဆေး ရောက်ရှိလာတဲ့အရေအတွက်ပေါ်မူတည်ပြီးတော့ ဗဟိုကော်မတီရဲ့ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်၊ ကာကွယ်ဆေးကို မထိုးရမယ့်သူတွေပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်များ၊နို့တိုက်မိခင်များ၊ အပြင်းအထန်ဆေးဝါးနှင့်ဓာတ်မတည့်သူတွေ၊ ကိုယ်ခံအား ထိခိုက်စေတတ်တဲ့ဆေးဝါးသောက်သုံးသူတွေ၊ သွေးနှင့်ပတ်သက်တဲ့ရောဂါပြင်းပြင်းထန်ထန်ခံစား တဲ့သူတွေမထိုးသင့်ပါဘူး၊ ကာကွယ်ဆေးရဲ့လွှမ်းခြုံမှု ဆေးအာနိသင်အနေနဲ့ကတော့ နောက်တစ်ကြိမ် ထိုးဖို့ဆိုရင် လေးပတ်ခြားပြီး ၂ကြိမ်ထိုးရမှာ ဖြစ်ပါတယ်၊ အကြမ်းအားဖြင့် (၆၀)ရာခိုင်နှုန်းကနေ (၉၀)ရာခိုင်ခိုင်နှုန်းအထိ ကာကွယ်ပေးတယ်လို့သိရပါတယ်၊ ကာကွယ်ဆေးထိုးတာကတော့ COVID-19​ ရောဂါဖြစ်ပွားမှု များတာကနေ အတိုင်းအတာ တစ်ခုအထိလျော့ကျသွားအောင် ထိုးရတာဖြစ်ပါတယ်၊ လုံးဝကင်းစင်သွားဖို့ကတော့ ကျွန်တော်တို့ အားလုံး ဆက်လက်ကြိုးစားဆောင်ရွက်နေရအုံးမှာ ဖြစ်ပါတယ်၊ ပြည်သူတွေအနေနဲ့ COVID-19​ ရောဂါ ကာကွယ်ဆေးအားလုံး ထိုးနိုင်ဖို့တိုက်တွန်း ချင်ပါတယ်၊ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးရင် COVID-19​ ရောဂါ မဖြစ်ပွားတော့ဘူးလို့မခံယူဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Mask စနစ်တပ်မယ်၊ လက်ကိုသေချာ ဆေးကြောမယ်၊ လူစုလူဝေးရှောင်ရှားခြင်းနှင့် တစ်ဦးနှင့်တစ်ဦးအသိပေးခြင်းကို ကျွန်တော်အပါအဝင် အားလုံးက ဆက်လက်ဆောင်ရွက်သွားဖို့လိုပါတယ်၊ အများပြည်သူကိုပြောချင်တာကတော့ ကာကွယ်ဆေးလည်းထိုးကြပါ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း လိုက်နာကြမှသာ COVID-19​ ရောဂါဘေးမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောပြခဲ့ပါတယ်။

COVID-19​ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် ကျန်းမာရေးဌာနမှ ဒေါက်တာ ဂျိုးဇက်ဗန်ဘွေအုပ်က “ မထိုးခင်မှာ သွေးပေါင်ချိန်တယ်၊ အဖျားတိုင်းတယ် နောက်ပီးတော့ အချက်အလက်လေးတွေမေးတယ်၊ သင့်တော်ရင် သဘောတူညီကြောင်းလက်မှတ်ထိုးရတယ်၊ ကိုယ်တိုင်ထိုးချင်မှ ထိုးပေးတာဖြစ်ပါတယ်၊ ဆေးထိုးတာကတော့ တစ်ခြားကာကွယ်ဆေး တွေလောက်မနာပါဘူး၊ ကာကွယ်ဆေးထိုးပြီးရင် တစ်ခြားပြဿနာလေးတွေရှိတတ်တော့ မိနစ်(၃၀) စောင့်ခိုင်းပါတယ်၊ ဒါကတော့ ကာကွယ်ဆေးတိုင်းထိုးပီးရင်စောင့်ရတာပါပဲ၊ ပထမဆုံးဆိုတော့ နည်းနည်းတော့ ကြောက်ရပါတယ်၊ ဒါပေမယ့် ဆေးပညာအရ စမ်းသပ်ထားတာဆိုတော့ ယုံပါတယ်”ဟု ပြောပြခဲ့ပါတယ်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအတွက် COVID-19​ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍  လူဦးရေစာရင်းကောက်ယူလျက်ရှိပြီး စာရင်းကောက်ယူ ပြီးစီးသည့်နောက်ပိုင်းတွင် ဗဟိုသို့ အဆင့်ဆင့် တင်ပြပြီးနောက် COVID-19​ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့် ကာကွယ်ဆေးများ ရောက်ရှိလာချိန်တွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟားခါးခရိုင်(ပြန်/ဆက်)

စာစုများ -