ဖလမ်းမြို့ မီးဘေးသင့်ပြည်သူများအတွက် ဟားခါးလူငယ်အသင်း( Hakha Youth Organization )က ထောက်ပံ့ငွေ ကျပ်(၄၅)သိန်း လာရောက်လှူဒါန်း

ဖလမ်း              ဇန်နဝါရီ           ၃၀

            ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဟားခါးလူငယ်အသင်း( Hakha Youth Organization )က ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့ထံသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်ကာ အလှူငွေများကို ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့ ပြည်တွင်း ပြည်ပ မီးဘေးသင့်အလှူငွေရှာဖွေရေးတာဝန်ခံ ဆလိုင်းငယ်ပီး သျှန်းအုပ်ထန်းက လက်ခံရယူသည်။

            ဟားခါးလူငယ်အသင်း(Hakha Youth Organization )သည် ပြည်နယ်အတွင်းရှိ မီးဘေး သင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရေး ဟားခါးမြို့၌ တစ်အိမ်တက်ဆင်းဖြင့် အလှူငွေကောက်ခံရာ ဖလမ်းမြို့မီးဘေးသင့်ပြည်သူများအတွက်(၄၅)သိန်း၊ ဟားခါးမြို့ မီးဘေးသင့်ပြည်သူများအတွက် သိန်း(၃၀)၊ ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများ အတွက်(၁၀)သိန်း၊ မင်းတပ်မြို့ မီးဘေးသင့်ပြည်သူများအတွက်(၁၀)သိန်း၊ ဟားခါးမြို့နယ်၊ သီးနမ်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် (၁၀)သိန်း စုစုပေါင်း(၁၀၅)သိန်း ကို မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးနိုင်ခဲ့သည်။

            ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့သည် ဖလမ်းမြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ များ ကောက်ခံရာတွင် ပြည်တွင်း ပြည်ပမှ ပေးပို့လှူဒါန်းသည့် အလှူငွေပေါင်း သိန်း(၁၅၀၀)ခန့် လက်ခံရရှိပြီးဖြစ်ကာ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများကို ဖေဖော်ဝါရီလ ပထမပတ် အတွင်း ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။

            ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းက လျှပ်စစ်မီးဖို အပူလွန် ကဲရာမှ လူနေအိမ်(၆)လုံး လောင်ကျွမ်းပျက်စီးသွားပြီး အမျိုးသမီး(၂)သေဆုံးခဲ့ကြောင်းသိရသည်။

ဖလမ်း(ပြန်/ဆက်)

စာစုများ -