ဟားခါး-ထန်တလန် လမ်းတွင်မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတိမ်းမှောက်၍ လူ(၂)ဦးသေဆုံး

 

ဟားခါး         ဇန်နဝါရီ        ၃၀

          ချင်းပြည်နယ် ဟားခါးမြို့မှ (၄)မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်အမှတ် 6E-2485 PRATO အိမ်စီးကား (၄)ဘီးကားခဲရောင် ယာဉ်သည် ဇန်နဝါရီ ၃၀ ရက် ညနေ၂နာရီ မိနစ် ၂၀အချိန်ခန့်က အရှိန်မထိန်းနိုင်ဘဲ ယာဉ်အရှိန်လွန်ပြီး  ပေ(၅၀၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်းနှင့် ယာဉ်မောင်း သမီးဖြစ်သူ လူ(၂)ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်မောင်း ဉီးချွမ်းလိန်း အသက် (၅၅) နှစ်   မောင်းနှင်လာသည့် ယာဉ်အမှတ် 6E-2485 PRATO အိမ်စီးကား (၄)ဘီးကားခဲရောင်သည် အရှိန်မထိန်းနိုင်ဘဲ ယာဉ်အရှိန်လွန်ပြီး  ပေ(၅၀၀)ခန့်ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင် ဉီးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်စက်ယာဉ်(၁)စီးနှင့် သူနာတင်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယာဉ်မောင်း ဉီးချွမ်းလိန်းသည် ယာဘက်အပေါ် မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်၊ ယာဘက်ရင်ဗိုက်ပွန် ခြစ်ဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာ၊ ယာဘက်ပါးရိုးပွန်းခြစ်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ယာဉ်မောင်းသူ၏သမီးဖြစ်သူ မဗန်ပါရ်အဲမ်အသက်(၁၃)နှစ်သည် ဝဲဘက်ခြေဖမိုးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာဘက်မျက်နား ပွန်းခြစ်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါသေဆုံးသူ(၂)ဦးတို့အား  ဟားခါးမြို့ ၊ ပြည်သူ့ဆေးရုံကြီးသို့ ဟားခါးခရိုင် စခန်းရှိ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနထံမှသိရှိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဉီးချွမ်းလိန်းအား ဟားခါးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-ကဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

                                                                                                ဟားခါးခရိုင်(ပြန်/ဆက်)

စာစုများ -