e-Government စနစ် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်သက်ဆိုင်ရာကုမ္ပဏီများညှိနှိုင်းဆွေးနွေး
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ချင်းပြည်နယ်အတွင်း e-Government စနစ် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် e-Government ဖော်ဆောင်ရေး ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ EDMS စနစ် ရှင်လင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံမည့် နှုန်းထားများ ပြည်သူလူထုများသို့ ရှင်းလင်း
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ဖလမ်း အောက်တိုဘာ ၉ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံမည့် နှုန်းထားများ ပြည်သူလူထုများသို့ ရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီခွဲက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။ အခမ်းအနားတွင် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဒါရ်လျန်အုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းရီးယမ်းဗဲလ်တို့က အမှာစကား ပြောကြား ကြသည်။ ထို့နောက် ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဗန်တွန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပစ္စည်းခွန်တိုးမြှင့် ကောက်ခံမည့် နှုန်းထားများကို ရှင်းလင်းပြီး တက်ရောက် လာကြသည့် ဒေသခံပြည်သူများက မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည့်အချက်များကို မေးမြန်း ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အခွန်နှင့် သာမန်ရငွေ ကျပ်(၁၄၇၆၂၂၈၄၀) ကောက်ခံရရှိခဲ့ကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ စာဖတ်ဝိုင်းကို ရိခေါ်ဒါရ်မြို့ လူထုခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ရိခေါ်ဒါရ် အောက်တိုဘာ ၉ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ လစဉ် စာဖတ်ဝိုင်းကျင်းပပြုလုပ်မှုအခြေအနေများ၊ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အထောက်အကူပြုမှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်း၌ ဦးဆောင်ဆွေးနွေးကြသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာပေါင်းစုံ စုစည်းရေးသားသည့် လူငယ်အကျိုးပြုစာပေစုစည်းမှု “လူဆိုသည်မှာ” စာအုပ်ပါ အကြောင်းအရာများကို ဝိုင်းဖွဲ့ဆွေးနွေးကြကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက် နိုင်ရေး အသိပေးဆွေးနွေးပွဲ ကျင်းပ
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ဟားခါး အောက်တိုဘာ ၉ ချင်းပြည်နယ်အတွင်း အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ ရည်မှန်းကလေးများအားလုံး ရာနှုန်းပြည့် တိုက်ကျွေးပေးနိုင်ရေး သက်ဆိုင်ရာ ဆရာ၊ဆရာမများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများသို့ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အစီအစဉ်အရ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ က ကာကွယ်ဆေးတိုက်ကျွေးခဲ့ခြင်းသမိုင်းနှင့် လက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ပေါင်း(၁၄) နိုင်ငံတွင် ကလေးငယ်များကာကွယ်ဆေးတိုက်ကျွေးနေမှုအခြေအနေတို့ကို လည်းကောင်း၊ ချင်းပြည်နယ်တွင် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်နယ်တစ်ခုလုံးကို အပိုဆောင်း ကာကွယ်ဆေးတိုက်ကျွေးသွားမှာဖြစ်သည့်အတွက် ဟားခါးမြို့နယ်အနေဖြင့် မြို့ပေါ်နှင့်ရပ်ကွက်၊ ကျေးရွာများရှိ ကလေးငယ်များအားလုံးကို မကျန်ရအောင် တိုက်ကျွေးနိုင်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ကာကွယ်ဆေးတိုက်ကျွေးမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့်အချက်များကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ချင်းပြည်နယ်အနေဖြင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း(ပထမ) အကြိမ်ကို သြဂုတ်လ ၂၆ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ် (၈)မြို့နယ်နှင့် စက်တင်ဘာလ ပထမပတ် တွင် ပလက်ဝမြို့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း (ဒုတိယ)အကြိမ်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ပြည်နယ်တစ်ခုလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟားခါးမြို့နယ်အနေဖြင့် အသက်၅နှစ်အောက် ကလေးငယ်ပေါင်း (၆၂၄၈)ဦး၊အသက်(၉)လအောက် ကလေးငယ်ပေါင်း(၅၄၁၂)ဦးရှိပြီး ရည်မှန်း ကလေးငယ်များအားလုံးကို အပိုဆောင်းကာကွယ်ဆေး တိုက်ကျွေးနိုင်ရေး နှိုးဆော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)

ဖလမ်းမြို့သူနာပြုသင်တန်းသား/သူများထံသို့ မြို့တွင်းရေပေးဝေရေး၊ အမှိုက်သိမ်းဆည်းမှု၊ မိလ္လာသိမ်းဆည်းမှုစနစ်နှင့်အစားအသောက်ဆိုင်ရာ ကျန်းမာရေးသိကောင်းစရာများ ချပြရှင်းလင်းဆွေးနွေး
အောက်လ ၂၀၁၉ ခုနှစ်၊ ၈ ရက် U Min Eya Htyke

ဖလမ်း အောက်တိုဘာ ၈ ဖလမ်းမြို့ သူနာပြုသင်တန်းသား/သူများထံသို့ မြို့တွင်းရေပေးဝေရေး၊ အမှိုက်သိမ်းဆည်းမှု၊ မိလ္လာသိမ်းဆည်းမှုစနစ်နှင့် အစားအသောက် ကျန်းမာရေးသိကောင်းစရာများ ချပြရှင်းလင်းခြင်းကို အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။ ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဒါရ်လျန်အုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဗန်တွန်က ဖလမ်းမြို့တွင်း ရေပေးဝေရေး၊ အမှိုက်သိမ်းဆည်းမှု၊ မိလ္လာသိမ်းဆည်းမှုစနစ် ဆောင်ရွက်မှုများကို လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးသောင်းလွင်ထွန်းက အစားအသောက်ဆိုင်ရာ ကျန်းမာရေးသိကောင်းစရာများကို လည်းကောင်း ချပြရှင်းလင်းဆွေးနွေး ခဲ့ကြပြီး ရှင်းလင်းချက်များအပေါ် သင်တန်းသား/သူများက မရှင်းလင်းသည့်အချက်များ၊ သိရှိလို သည့်အချက်များအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

ရိခေါ်ဒါရ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
အောက်လ ၂၀၁၉ ခုနှစ်၊ ၈ ရက် U Min Eya Htyke

ရိခေါ်ဒါရ် အောက်တိုဘာ ၈ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှု ဖြင့် ရပ်ကွက်လူငယ်များ၊ စာဖတ်ဝါသနာရှင်များနှင့်ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဆိုင်ရာဆွေးနွေးပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက ပြည်သူ့ စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်မှုများ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်မှုများ၊ စာအုပ်ပြပွဲများခင်းကျင်းပြသဆောင်ရွက်မှုများနှင့် ကလေးစာဖတ်ခန်းဆောင်ရွက်မှုများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများက စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုး ကျေးဇူးများ၊ စာကောင်းပေကောင်းတစ်အုပ်၏ တန်ဖိုးကြီးမားပုံနှင့် မိမိတို့ကိုယ်တွေ့အကျိုး ကျေးဇူးများကို အပြန်အလှန်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ရိခေါ်ဒါရ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်ဖြင့် ပြိုင်ပွဲ လေးမျိုး ကျင်းပပြုလုပ်
အောက်လ ၂၀၁၉ ခုနှစ်၊ ၈ ရက် U Min Eya Htyke

ရိခေါ်ဒါရ် အောက်တိုဘာ ၇ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ပညာရေးဌာနနှင့်ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင် ရေးအစီအစဉ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ စသည့်ပြိုင်ပွဲ လေးမျိုးကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပ ပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ရှိန်မြှင့်တင် ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊ ပြိုင်ပွဲစည်းမျည်းနှင့် အမှတ်ပေးစည်းမျည်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ အဖွဲ့(၄)ဖွဲ့တို့က အဖွဲ့လိုက်ကဗျာရွတ်ဆိုပြိုင်ပွဲကို လည်းကောင်း၊ ကျောင်း သားကျောင်းသူ အဖွဲ့(၆)ဖွဲ့တို့က အဖွဲ့လိုက်ဉာဏစွမ်းရည်ပြိုင်ပွဲကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူ ခုနှစ်ဦးတို့က တစ်ဦးချင်းပုံပြောပြိုင်ပွဲကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူ ခြောက်ဦးတို့က တစ်ဦးချင်းကျပန်းစကားပြောပြိုင်ပွဲကို လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများများ ဆုများချီးမြှင့်ပေး ခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ကျောင်းကျန်းမာရေး ပညာပေးလက်တွေ့ဆောင်ရွက်ခြင်းနှင့်အာဟာရကျွေးမွေးခြင်းများဆောင်ရွက်
အောက်လ ၂၀၁၉ ခုနှစ်၊ ၈ ရက် U Min Eya Htyke

ဟားခါး အောက်တိုဘာ ၇ အခြေခံပညာကျောင်းများတွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ကျောင်းသူလေးများအား တစ်ကိုယ်ရေသန့်ရှင်းရေး ၊ ကျန်းမာစွာစားသောက်နေထိုင်နိုင်ရေးနှင့်အာဟာရပြည့်ဝစေရေးတို့အတွက် ကျောင်းကျန်းမာရေးပညာပေးဟောပြောခြင်း ၊ လက်တွေ့ဆောင်ရွက်ခြင်းနှင့်အာဟာရကျွေးမွေးခြင်းအစီအစဉ် များကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ ၊ မြို့ဟောင်းရပ်ကွက်ရှိ အမက ဖာရ်ဟွလ်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ကျန်းမာရေးဉီးစီးဌာန ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာထန်နှင်းလျန်က တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့်ကျန်းမာရေးဆိုင်ရာအသိပညာအလေ့အထကောင်းများရရှိစေရေးဟောပြောပြီးနောက် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူလေးများနှင့်အတူ စင်ကြယ်စွာလက်ဆေးနည်းကိုလက်တွေ့ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် စေတနာရှင်အလှူရှင်များက မတည်ဆောင်ရွက်ထားရှိသည့် အာဟာရကျွေးမွေးခြင်း အစီအစဉ်အဖြစ် ကလေးငယ်များအားနေ့လယ်စာထမင်းကျွေးမွေးခဲ့ကြပါသည်။ “ကျောင်းနေရွယ်ကလေးများအားလုံးတစ်ကိုယ်ရေသန့်ရှင်းရေးအတွက်အလေ့အထကောင်းများရရှိစေ ရေးနဲ့အာဟာရပိုမိုပြည့်ဝစွာစားသောက်နေထိုင်နိုင်ရေး ၊ မြို့ပေါ်မှာရှိတဲ့ စေတနာရှင်လူငယ်လေးများစုပေါင်းပြီး အာဟာရကျွေးမွေးခြင်းအစီအစဉ်ပြုလုပ်ခြင်းဖြစ်ပါတယ်။တစ်ပတ်မှာ တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး(၃)ရက် ကိုနေ့လယ်စာထမင်း ကျွေးပါတယ်။ ဒီကျောင်းမှာ ကျောင်းသား၊ကျောင်းသူ ပေါင်း ၄၂ ယောက်ရှိပြီး အာဟာရပြည့်ဝစေမယ့်ထမင်း ဟင်းလျာတစ်နပ်စာအတွက် ငွေကျပ် နှစ်သောင်းလောက် ကုန်ကျပါတယ်။ ဒီကျောင်းကစပြီးလုပ်ခဲ့တာ(၃)လကျော်ပါပြီ။ ဒီအစီအစဉ်ကို နောက်ထပ်ကျောင်းတစ်ကျောင်းလောက ်တိုးချဲ့ဆောင်ရွက်ဖို့စီစဉ်နေပါတယ်”ဟုကျောင်း ကျန်းမာရေးဆရာဝန်ဒေါက်တာထန်နှင်းလျန်က ရှင်းပြပါ တယ်။ ယခုလက်ရှိဆောင်ရွက်လျက်ရှိသော အမက ဖာရ်ဟွလ်ကျောင်းတွင် ကျောင်းသား ၂၆ ဉီး ကျောင်းသူ ၁၅ ဉီးစုစုပေါင်း ၄၂ ဉီးရှိပြီးကလေးငယ်များအတွက် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေး၊သွားတိုက်တံနှင့်ဆပ်ပြာများလည်းထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း စေတနာရှင်၊အလှူရှင် များလှူဒါန်းလိုပါကလည်း အဆိုပါအခြေခံပညာကျောင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)