ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
အောက်လ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ဖလမ်း အောက်တိုဘာ ၁၃ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၁၃ ရက်နေ့က ချင်းပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ် မဏိပူရ်မြစ်ကူး မံဆောင်း တံတားသစ်တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မံဆောင်းတံတား သစ်တည်ဆောက်မှုအခြေအနေနှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော တံတားလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တံတားစီမံကိန်း အဖွဲ့(၁)ဟားခါးမှ တာဝန်ရှိသူများက ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက် များအား လမ်းညွှန်မှာကြားကာ မံဆောင်းတံတားအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာဒေသခံပြည်သူများက ရိုးရာအကများဖြင့် ကပြကြိုခဲ့ကြပြီး အဆိုပါကျေးရွာဒေသခံပြည်သူများက တီးတိန်-ရိခေါ်ဒါရ် ကားလမ်းကို အဆင့်မြှင့်တင် ပေးရန်နှင့် လိုင်တွီးကျေးရွာအား မြို့အဆင့်တိုးမြှင့်ပေးရန် တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် ရိခေါ်ဒါရ်-တီးတိန်ကားလမ်းအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့ သု့ိရောက်ရှိပြီး နယ်စပ်တံတားအားကြည့်ရှုစစ်ဆေးပြီး အသဲနှလုံးပုံသဏ္ဍာန်ရှိ ရိရေ ကန်သို့ရောက်ရှိသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အမှုဆောင်အင်ဂျင်နီယာ ဦးထွန်းဇော်က စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က စီမံကိန်းလုပ်ငန်း များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
အောက်လ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ကျီခါး အောက်တိုဘာ ၁၃ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့စစ်ဆေးရာတွင် တီးတိန်-တွန်းဇန်-ကျီခါးလမ်းရှိ နတ်ဇံတံတားကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တွန်းဇန်-ကျီခါးကားလမ်းရှိ တွန်းဇန်မြို့နယ်၊ ဇမ်ပီးလမ်းခွဲတွင် ဇမ်ပီး၊ ဒါရ်ခိုင်နှင့် တွီးမန်ကျေးရွာမှ ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ကျေးရွာချင်းဆက်လမ်းအား လမ်းအဆင့်မြှင့်တင်ပေးဆောင်ရွက်ပေးနိုင်ပါရန်တင်ပြသည်။ ထို့နောက် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် ကျီခါးမြို့အနီးတွင် နယ်စပ်ဈေးတည်ဆောက်ရန်လျာထားသည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ ဂျွန်(ပြန်/ဆက်)

ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး
အောက်လ ၂၀၁၉ ခုနှစ်၊ ၁၀ ရက် U Min Eya Htyke

ဖလမ်း အောက်တိုဘာ ၁၀ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် သည် ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးတိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာ ဒေသခံပြည်သူများနှင့် အဆိုပါကျေးရွာရှိ စာကြည့်တိုက်ခန်းမ၌ တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သီးဆဲင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇမ်ပြောင်းက ဒေသလိုအပ်ချက်များဖြစ်သော ဗားလုံကျေးရွာအား မြို့အဆင့်သို့တိုးမြှင့်ပေးရေး၊ ရဲကင်း( ရဲစခန်း )ချပေးနိုင်ရေး၊ ဗားလုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ဆောင်အား ဖြိုဖျက်၍ RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် မူလတန်းကျောင်း(ခွဲ)ဖွင့်လှစ်ပေးရန် စသည့်အချက် များကို တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

ချင်းပြည်နယ် လူမှုဦးစီးဌာန
အောက်လ ၂၀၁၉ ခုနှစ်၊ ၁၀ ရက် CingSan Mang

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်၏ ဉီးဆောင် လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးတို့မှ ဝန်ထမ်းများသည် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ တပည့်တော်စုပြန်လည်ပြုစုပျိုးထောင်ရေး နှင့်လူမှုဖွံ့ဖြိုးရေးအသင်းသို့ သွားရောက်၍ ပြန်လည်ထူထောင်မှုခံယူနေသည့် အရက်ဖြတ်လူနာများ အတွက် ဖိနပ်အရံ(၂၀)၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ဘော်လီဘောနှင့်ကြက်တောင်ရိုက် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ပြည်နယ်လူမှုရေးဝန်ကြီးမှ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (Exercise is medicine)အကြောင်း ဟောပြောဆွေးနွေးပြီးနောက် ဆုတောင်းမေတ္တာပို့သပေးကာ သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ (၇.၁၀.၂၀၁၉)

e-Government စနစ် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်သက်ဆိုင်ရာကုမ္ပဏီများညှိနှိုင်းဆွေးနွေး
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ချင်းပြည်နယ်အတွင်း e-Government စနစ် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် e-Government ဖော်ဆောင်ရေး ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ EDMS စနစ် ရှင်လင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံမည့် နှုန်းထားများ ပြည်သူလူထုများသို့ ရှင်းလင်း
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ဖလမ်း အောက်တိုဘာ ၉ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံမည့် နှုန်းထားများ ပြည်သူလူထုများသို့ ရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီခွဲက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။ အခမ်းအနားတွင် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဒါရ်လျန်အုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းရီးယမ်းဗဲလ်တို့က အမှာစကား ပြောကြား ကြသည်။ ထို့နောက် ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဗန်တွန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပစ္စည်းခွန်တိုးမြှင့် ကောက်ခံမည့် နှုန်းထားများကို ရှင်းလင်းပြီး တက်ရောက် လာကြသည့် ဒေသခံပြည်သူများက မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည့်အချက်များကို မေးမြန်း ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အခွန်နှင့် သာမန်ရငွေ ကျပ်(၁၄၇၆၂၂၈၄၀) ကောက်ခံရရှိခဲ့ကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ စာဖတ်ဝိုင်းကို ရိခေါ်ဒါရ်မြို့ လူထုခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ရိခေါ်ဒါရ် အောက်တိုဘာ ၉ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ လစဉ် စာဖတ်ဝိုင်းကျင်းပပြုလုပ်မှုအခြေအနေများ၊ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အထောက်အကူပြုမှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်း၌ ဦးဆောင်ဆွေးနွေးကြသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာပေါင်းစုံ စုစည်းရေးသားသည့် လူငယ်အကျိုးပြုစာပေစုစည်းမှု “လူဆိုသည်မှာ” စာအုပ်ပါ အကြောင်းအရာများကို ဝိုင်းဖွဲ့ဆွေးနွေးကြကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက် နိုင်ရေး အသိပေးဆွေးနွေးပွဲ ကျင်းပ
အောက်လ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ဟားခါး အောက်တိုဘာ ၉ ချင်းပြည်နယ်အတွင်း အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ ရည်မှန်းကလေးများအားလုံး ရာနှုန်းပြည့် တိုက်ကျွေးပေးနိုင်ရေး သက်ဆိုင်ရာ ဆရာ၊ဆရာမများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများသို့ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အစီအစဉ်အရ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ က ကာကွယ်ဆေးတိုက်ကျွေးခဲ့ခြင်းသမိုင်းနှင့် လက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ပေါင်း(၁၄) နိုင်ငံတွင် ကလေးငယ်များကာကွယ်ဆေးတိုက်ကျွေးနေမှုအခြေအနေတို့ကို လည်းကောင်း၊ ချင်းပြည်နယ်တွင် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်နယ်တစ်ခုလုံးကို အပိုဆောင်း ကာကွယ်ဆေးတိုက်ကျွေးသွားမှာဖြစ်သည့်အတွက် ဟားခါးမြို့နယ်အနေဖြင့် မြို့ပေါ်နှင့်ရပ်ကွက်၊ ကျေးရွာများရှိ ကလေးငယ်များအားလုံးကို မကျန်ရအောင် တိုက်ကျွေးနိုင်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ကာကွယ်ဆေးတိုက်ကျွေးမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့်အချက်များကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ချင်းပြည်နယ်အနေဖြင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း(ပထမ) အကြိမ်ကို သြဂုတ်လ ၂၆ရက်နေ့မှ ၂၈ ရက်နေ့အထိ မြို့နယ် (၈)မြို့နယ်နှင့် စက်တင်ဘာလ ပထမပတ် တွင် ပလက်ဝမြို့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း (ဒုတိယ)အကြိမ်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ပြည်နယ်တစ်ခုလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟားခါးမြို့နယ်အနေဖြင့် အသက်၅နှစ်အောက် ကလေးငယ်ပေါင်း (၆၂၄၈)ဦး၊အသက်(၉)လအောက် ကလေးငယ်ပေါင်း(၅၄၁၂)ဦးရှိပြီး ရည်မှန်း ကလေးငယ်များအားလုံးကို အပိုဆောင်းကာကွယ်ဆေး တိုက်ကျွေးနိုင်ရေး နှိုးဆော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)